နွားထိုးကြီး မြို့မရဲစခန်းက ရဲတပ်ကြပ် ပစ်ခတ်ခံရ၍ သေဆုံး

By ကိုခင်မောင် (မဇ္ဈိမ)
28 April 2023
နွားထိုးကြီး မြို့မရဲစခန်းက ရဲတပ်ကြပ် ပစ်ခတ်ခံရ၍ သေဆုံး

 မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းကို ပစ်ခတ်ရှင်းခဲ့သည်ဟု မြင်းခြံခရိုင်အမှတ်တပ်ရင်း (၄) Natogyi People Defence Force(NPDF) မှ သတင်းထုတ်ပြန်သည်။

ရဲတပ်ကြပ်ခိုင်မင်းထွန်းသည် နွားထိုးကြီးမြို့မရဲစခန်းမှ မြို့၏အရှေ့ဘက် ဂတ်စ်ပိုက်လိုင်း ရဲကင်းစခန်းရှိသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် နွားထိုးကြီးမြို့နယ်၊ ထန်းဇင်းကျေးရွာအနီး၌ ဧပြီလ ၂၆ရက် ည ၇နာရီအချိန်ခန့်တွင် Natogyi People Defence Force  ရဲဘော်များမှ  ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“နွားထိုးကြီးမြို့မရဲစခန်းကနေ သူက ဆိုင်ကယ်နဲ့ တစ်ယောက်တည်းထွက်လာတာ၊ လက်နက်လည်း မပါဘူး၊ ကျနော်တို့က တားတဲ့အချိန်မှာ မောင်းပြီးထွက်ပြေးလို့ ပစ်ခတ်လိုက်တာ၊ ပစ်ခတ်ရှင်းလင်းပြီးတော့ ကျနော်တို့လည်း နောက်ပြန်ဆုတ်လာခဲ့တယ်” ဟု NPDF မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။ 

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပစ်ခတ်ရှင်းလင်းလိုက်သော ရဲတပ်ကြပ်ခိုင်မင်းထွန်း၏ သေဆုံးရုပ်အလောင်းကို အင်းအား ၃၀ကျော်ခန့်ပါသော စစ်ကောင်စီတပ်သားများနှင့် ရဲများမှ ဧပြီလ ၂၆ရက် ညတွင်းချင်းမှာပင် လာကောက်သွားသည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

Natogyi People Defence Force ( NPDF)သည် ဧပြီလ ၂၂ရက်နေ့တွင်  စစ်ကောင်စီတပ်သားများ လိုက်ပါလာသော အိမ်စီးကား သုံးစီးအား မြင်းခြံဘက်မှ နွားထိုးကြီးဘက်သို့ မောင်းနှင်လာစဉ် သာယာကုန်းကျေးရွာအနီးတွင် ပဒေသာမိုင်းရှစ်လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးပွဲချင်းပြီးသေဆုံးပြီး သုံးဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly