စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ရှမ်းကိုးရွာဒေသခံတချို့ကို ငွေနဲ့ ပြန်ရွေးခိုင်း

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
26 April 2023
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ရှမ်းကိုးရွာဒေသခံတချို့ကို ငွေနဲ့ ပြန်ရွေးခိုင်း

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့  ရှမ်းကိုးရွာ ဒေသဖက်တွင် စစ်ကောင်စီတပ်က ဒေသခံ အချို့ကို ဖမ်းဆီးကာ ငွေဖြင့်ပြန်လည် ရွေးယူခိုင်းနေကြောင်း ဒေသခံများထံမှ သိရ သည်။

စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းတွင် ဒေသခံ တစ်ဦးထံမှ လက်နက် သေနတ် (ဂစ်စ်) တစ်လက်ကို ဥယျာဉ်ခြံ လုပ်သား တစ်ဦးထံမှ စစ်ဆေးတွေ့ရှိ ဖမ်းဆီးမိရာမှ ခမောက်ကြီးမြို့နယ် အမှတ် (၄) ရပ်ကွက်က အမျိုးသား တစ်ဦး၊ ရှမ်းကိုးရွာ ရွာချင်းဆက် လမ်းက အမျိုးသား တစ်ဦး၊ မာရမ်းကျေးရွာက အမျိုးသား တစ်ဦး၊ ဆိပ်ဖူးကျေးရွာက အမျိုးသား သုံးဦး၊ လုံဖောရွာက အမျိုးသမီး သုံးဦးနှင့် အေးချမ်းသာရွာက အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများနှင့် ပကဖ အဖွဲ့တို့ထံမှ သိရသည်။

ရှမ်းကိုးရွာ ဒေသခံ တစ်ဦးက “လုံဖောက အမျိုးသမီး တစ်ဦးနဲ့ အေးချမ်းသာက အမျိုးသား တစ်ဦးတို့ကို ပြန်လွတ်ပေးလိုက်တယ်လို့ သိရတယ်၊ ကျန်တဲ့ သူတွေကိုတော့ စစ်တပ်က ထိုင်းဘတ်ငွေ ခြောက်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများကို ငွေနှင့် ပြန်လည်ရွေးယူခိုင်းနေတာကြောင့် ဖမ်းဆီးခံရသူများသည် သာမန် ဒေသခံများဖြစ်၍ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းကိုးရွာဒေသကို ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် စစ်ကောင်စီတပ်က ပထမဆုံး စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုရှိခဲ့ကာ ဒေသခံများလည်း ရာနဲ့ချီ၍ ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required