ဂန့်ဂေါမှဟားခါးသို့တက်လာသော စစ်ကောင်စီစစ်ကြောင်း ချင်းပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားပြီး ၁၀ ဦးခန့် သေဆုံး

By ပါခွီး (မဇ္စျိမ)
25 April 2023
ဂန့်ဂေါမှဟားခါးသို့တက်လာသော စစ်ကောင်စီစစ်ကြောင်း ချင်းပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားပြီး ၁၀ ဦးခန့် သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း၌ ဂန့်ဂေါဖက်မှတက်လာသောစစ်ကြောင်းနှင့် ချင်းပူး ပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများရှိကြောင်း သိရသည်။
“ကျနော်တို့တပ်ဖွဲ့တွေ အသင့်ပြင်ထားတဲ့ ပစ်ကွင်းထဲကို ရောက်လာချိန်မှာ ပစ်ခဲ့တဲ့အတွက် စစ်ကောင်စီ တပ်က ၁၀ ယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရသွားတယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီကမဇ္စျိမကိုပြောသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဟားခါးမြို့နယ် လုံကျွေးရွာအနီးတွင် ပစ်ကွင်းပြင်ဆင်ပြီး အသင့်စောင့်နေသည့်နေရာသို့ စစ်ကောင်စီတပ်သား ၃၀ ဦးခန့်ဝင်ရောက်လာချိန်၌ ပစ်ခတ်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။

ယင်းသို့ပစ်ခတ်အပြီးတွင် ဟားခါးမြို့အထိုင်စစ်ကောင်စီတပ်များမှ စစ်ကူသွားရောက်ရာ ၁၀ မိုင်ခန့်သာ ရောက်ရှိခဲ့ပြီး ရှေ့ဆက်မတိုးနိုင်ဖြစ်နေကြောင်း သိရသည်။

ဂန့်ဂေါမှဟားခါးမြို့သို့တက်လာသည့် တပ်မ(၇၇)မှ အင်အား ၁၅၀ ဝန်းကျင်ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တဆက်တည်းမှာပင် ကလေးမြို့မှတဆင့် ဟားခါးမြို့သို့တက်လာသည့် တင့်ကားနှစ်စီးနှင့် ကုန်တင်ယာဉ် ၃၀ စီးဖျက်ဆီးခံခဲ့ရသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ဟားခါးမြို့နယ် ချွန်ကျုံးရွာ တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

“အဲဒီ ချွန်ကျုံးရွာကို သူတို့နဲ့ကျနော်တို့ တဝက်စီစိုးမိုးနေရာယူထားတဲ့ အခြေအနေဖြစ်ပါတယ်။ စနိုက်ပါနဲ့ ပစ်နေတဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးတာတွေကတော့ အမြဲရှိနေပါတယ်” ဟု CNA ပြောရေးဆို ခွင့်ရှိသူကဆိုသည်။

ရိက္ခာများနှင့် လေယာဉ်ဆီ၊ ဓာတ်ဆီများ မီးရှို့ဖျက်ဆီးခံခဲ့ရသော အဆိုပါစစ်ကြောင်းကို ဟားခါးမြို့မှ စစ်ကူလာသည့် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်များ ချွန်ကျုံးရွာတွင် ပေါင်းစည်းမိသွားသော်လည်း ဖောက်မထွက်နိုင် ဖြစ်နေကြောင်းသိရသည်။

ချင်းတပ်ဖွဲ့လက်ဖြောင့်တပ်သားများမှ ချောင်းမြောင်းပစ်ခတ်နေသဖြင့် စစ်ကောင်စီတပ်မှ နေစဉ် ထိခိုက် သေဆုံးမှုများရှိနေပြီး တိုက်ခိုက်နိုင်သည့်အင်အား ၇၀ ခန့်သာရှိတော့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းပြောဆိုသည်။

ချွန်ကျုံးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိကာ ရွာတန်းအရှည်နှစ်မိုင်ခန့်ရှိသောရွာကြီးဖြစ်ပြီး စစ်ကောင်စီ တပ်က ဧပြီလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီး သွားကြောင်းသိရသည်။

ဟာခါးမြို့သို့ ဦးတည်လာနေသည့် စစ်ကြောင်းနှစ်ခုနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက် လက်ဖြစ်ပွားလာနိုင်ကြောင်း ဆလိုင်းထက်နီက သုံးသပ်ပြောဆိုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required