ကလေး - တီးတိန်လမ်းမကြီးကို အသုံးမပြုကြသေးရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

By ပါခွီး(မဇ္စျိမ)
24 April 2023
ကလေး - တီးတိန်လမ်းမကြီးကို အသုံးမပြုကြသေးရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ကိုဆက်သွယ်သော လမ်းမကြီးအား လုံခြုံရေးအခြေအနေအရ အသုံးမပြုကြသေးရန် CDF – CDM SIYIN က ဧပြီ ၂၃ ရက်နေ့တွင် သတိပေး ချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ ယခုထိတိုင်ရှိနေသေးသဖြင့် ကလေး - တီးတိန်လမ်းမကြီးကိုအသုံးမပြုရန်နှင့်  CCSA/CDF – CDM – SIYIN ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတင်သော သတင်းများသာ အတည် ဖြစ်ကြောင်း ဆိုသည်။

“ မိုင်းခွဲတိုက်ခိုက်နေဆဲဖြစ်ပါသည်။ ပြည်သူများ ကလေး - သိုင်းငင်း လမ်းမကြီးကို အသုံးမပြု သေးပါရန် ဆက်လက်မေတ္တာရပ်ခံအပ်ပါသည် ” ဟု CDF – CDM – SIYIN က လူမှုကွန်ရက်၌ အသိပေးထားသည်။

ယနေ့ ဧပြီလ ၂၄ ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်နေ ကြောင်းလည်း ဆိုသည်။

မြေပြင်အခြေအနေအသေးစိတ်သိရရန် မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာတွင် “နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြော၍မရနိုင်သေးကြောင်း၊ လူမှုကွန်ရက်တွင်အသိပေးထားသည့်အတိုင်းသာဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
 
ဧပြီလ ၁၈ ရက်နေ့က ကလေးမြို့မှ တီးတိန်မြို့နယ်အတွင်းသို့ ကားလေးစီးဖြင့် စစ်ကောင်စီတပ်သား ၁၀၀ ခန့် ချီတက်လာနေသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများကို သတိပေးခဲ့သည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နေရာမရွေး၊ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သောကြောင့် ခရီးသွားမိဘ ပြည်သူများ၏ လုံခြုံရေးအတွက် ကလေးမြို့နှင့် တီးတိန်လမ်းမကြီးပေါ်တွင် မလိုအပ်ဘဲ အိမ်ပြင်ထွက် ခြင်း၊ ခရီးသွားလာခြင်းများမပြုပါရန် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ Alden 
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly