စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် သတိဖြင့်နေကြရန် CDF – Mindat အသိပေး

By ပါခွီး(မဇ္စျိမ)
24 April 2023
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် သတိဖြင့်နေကြရန် CDF – Mindat အသိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ သတိဖြင့်နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat က ဧပြီလ ၂၃ ရက်နေ့က အသိပေးချက် ထုတ်ပြန်ထားသည်။

မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)မှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် (၃)ဘက်သို့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းဆိုသည်။

ယင်းသို့ပစ်ခတ်သဖြင့် စာသင်ကျောင်းနှင့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“မနက်ပစ်ချင် ပစ်တယ်၊ ညသန်းခေါင်းမှာ ပစ်ချင်ပစ်တယ်။ လက်နက်ကြီးနဲ့ပစ်တာကတော့ ကြာပြီ” ဟု CDF – Mindat ပြောရေးဆိုခွင့်ရှိသူ Salai Ha Om က မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ဖွဲ့စစ်ကြောင်းများနှင့် စခန်းများကိုပစ်ခတ်တိုက် ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူများရှိသည့်နေရာကိုသာ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးဘေးရန်မှ ကာကွယ် ရန်နှင့် ထိခိုက်မှုနည်းပါစေရန်အတွက် သတိဖြင့်နေထိုင်ကြရန် CDF – Mindat  က အသိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီနှင့် ၅ နာရီအချိန်ကလည်း မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၂) ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း CDF – Mindat၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့က မင်းတပ်မြို့နယ်အတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းမှပစ်ခတ်မှု များ ဆက်တိုက်ဆိုသလိုပြုလုပ်နေသည့်အတွက် အန္တရာယ်ကာကွယ်နိုင်ရန် သတ်မှတ်စံနှုန်းနှင့်ညီသည့် ပုန်းခိုကျင်းများတူးထားရန် CDF-Mindatက အကြိမ်ကြိမ် သတိပေးထုတ်ပြန်ထားသည်ဟု ဧပြီလ ၁၄ ရက်နေ့ ရက်စွဲဖြင့် CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။

ပြည်သူများ ဘေးကင်းစေရန်အလို့ငှာ အသိပေးထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက အရေးယူ ဆောင်ရွက်ခြင်းများ စတင်ပြုလုပ်တော့မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required