သရက်ချောင်းတွင် ဒေသခံအမျိုးသား ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

By ကိုရွှေမြိတ်(မဇ္ဈိမ)
24 April 2023
သရက်ချောင်းတွင် ဒေသခံအမျိုးသား ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ဝဲရစ်ကျေးရွာမှ အမျိုးသား ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးသွား ကြောင်း ဒေသခံများထံမှ သိရသည်။

ဝဲရစ်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့်စစ်ကောင်စီတပ်ဖွဲ့က လမ်းတွင်တွေ့သော ဒေသခံ အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟုဆိုသည်။

“ ဝဲရစ်ကျေးရွာက ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းဆီးတယ်ဆို တာ တိတိကျကျမသိရသေးဘူး” ဟု သရက်ချောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ကလည်း အဆိုပါစစ်ကောင်စီတပ်ဖွဲ့က ရငဲကျေးရွာမှ ဒေသခံ ၇၀ နီးပါးကို ဖမ်းဆီး စစ်ဆေးရိုက်နက်ပြီးပြန်လွှတ်ပေးခဲ့ကာ အမျိုးသား ၁၀ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ မနေ့က ရငဲရွာခံတွေကို ဖမ်းဆီးတာလည်း ဒီစစ်တပ်ပါပဲ။ ဒီနေ့လည်း ထပ်ပြီးဖမ်းနေတာ”ဟု အထက်ပါ ဒေသခံက ပြောသည်။

သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိရွာ ပိန္နဲကျွန်းဘုန်းကြီးကျောင်းတွင် (မဘသ) ဆရာတော် ဦးသီလ၏ ကျောင်း၌ စစ်ကောင်စီတပ်ဖွဲ့ကဦးဆောင်ပြီး ကျောင်းရေစက်ချပွဲပြုလုပ်နေ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly