ဖားကန့် KTV ရောက် စစ်ကောင်စီစစ်ကြောင်းမှူး ပစ်သတ်ခံရ၊ ကျောက်စိမ်းလုပ်ငန်းရှင်နှစ်ဦးလည်းသေဆုံးဟုဆို

ဖားကန့် KTV ရောက် စစ်ကောင်စီစစ်ကြောင်းမှူး ပစ်သတ်ခံရ၊ ကျောက်စိမ်းလုပ်ငန်းရှင်နှစ်ဦးလည်းသေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ယနေ့ ဧပြီလ ၂၃ရက်နံနက်အစောပိုင်းက စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းတစ်ခုမှ စစ်ကြောင်းမှူးအပါအဝင်ငါးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သုံးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံ ခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့သည် HAPPY KTV အခန်းအမှတ် (၇၇၇) (5D) တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဟု သိရသည်။

အဆိုပါအခန်းတွင် ဒုဗိုလ်မှူးဇော်မောင် အပါအဝင် ၁၀ ဦးထက်မနည်း သောက်စား ပျော်ပါးနေစဉ် ယနေ့ နံနက် ၅နာရီခန့်တွင် အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ ၎င်းတို့အနက် သုံးဦးသေဆုံးသွားပြီး နှစ်ဦး ဒဏ်ရာရသွားသည်ဟု သိရှိရသည်။

" သူတို့ကို ဖားကန့်ပြည်သူဆေးရုံကို ခေါ်သွားပြီး ရင်ခွဲရုံပို့ထားတယ်တဲ့။ ဒါပေမယ့် တစ်လောင်းပဲရင်ခွဲရုံရောက်တယ်၊ ကျန်တဲ့အလောင်းတွေက မရောက်လာဘူးလို့လည်း ကျနော်တို့ကြားတယ်" ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

ဒုဗိုလ်မှူးဇော်မောင်ဦးဆောင်သောစစ်ကြောင်းသည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတဝိုက်တွင် လှုပ်ရှားနေသော စစ်ကြောင်းဟု ဒေသခံများကပြောသည်။

“သူ (သေဆုံးသူ ဒုဗိုလ်မှူးဇော်မောင်) ကလုံးခင်းတစ်ဝိုက် လှုပ်ရှားတဲ့ စစ်ကြောင်းမှုးဟုတ်တယ်။ ကုမ္ပဏီတွေကို ဝင်ဖမ်းတာတွေ၊ လမ်းမှာစစ်ဆေးတာတွေ ကားတွေဖမ်းဆီးတာတွေ သူတို့ လုပ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူသုံးဦးတွင် ဒုဗိုလ်မှူးဇော်မောင်နှင့်အတူ လုံးခင်းကျေးရွာ၊ လုံးခင်းကားကြီးကွင်းဘေးရှိ ဘောလုံးကွင်းပိုင်ရှင်ဦးဝတုတ်နှင့်အခြားလုပ်ငန်းရှင်တစ်ဦးပါဝင်သည်ဟု သိရသည်။

ဦးဝတုတ်သည် လုံးခင်းကျေးရွာရှိ''ဦးရှမ်းကြီး'' ဆေးဆိုင်ပိုင်ရှင်လည်းဖြစ်ပြီး ၂၀၂၂ သြဂုတ်လက ဖားကန့်ဒေသမှ ကေအိုင်အေတပ်မဟာ (၉)ထိန်းချုပ်ရာ အနမ့်ပါရွာအား စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွင် ပတ်သက်ဆက်နွယ်သူအဖြစ် သတင်းထွက်ပေါ်ခဲ့သူဖြစ်သည်။ ကျန်လုပ်ငန်းရှင် နှစ်ဦးကို ဖားကန့်ဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရပြီး အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ နံနက်ပစ်ခတ်မှုတွင် Happy KTV ဆိုင်ဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

စစ်ကြောင်းမှူး အသတ်ခံရသည့် ဖြစ်စဥ်ကြောင့် စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ယနေ့ နံနက် ၆နာရီခန့်မှစတင်ကာ ဖားကန့်စစ်တပ်ဗျူဟာကုန်း၊ လုံးခင်း မဇွပ်ယန်အချုပ်ထောင်နှင့် အခြားလက်နက်ကြီးထိုင်ထားသည့် စစ်တပ်ကုန်းများမှနေ၍ ဖားကန့်မြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းနေရာများသို့ လက်နက်ကြီးအချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်နေသည်ဟု သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေကို လတ်တလော မသိရသေးပေ။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly