မလှိုင်မြို့နယ် နှောကန်ရဲစခန်းကို တိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးဟုဆို

By ခက်နွေ၊ ကိုခင်မောင်(မဇ္ဈိမ)
22 April 2023
မလှိုင်မြို့နယ် နှောကန်ရဲစခန်းကို တိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးဟုဆို

မန္တလေးတိုင်း ၊ မလှိုင်မြို့နယ် ၊ နှောကန်ရွာရှိ ​​​ရဲစခန်းကို ဧပြီလ ၁၅ ရက်နေ့တွင် Natogyi Regional Defence Force  ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း NRPDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၁၅ရက် ညနေ ၄နာရီအချိန်တွင် မလှိုင်မြို့နယ် နှောကန်ရဲစခန်းကို စခန်းသိမ်းရန် တိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ပြီး  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု NRDF မှ တာဝန်ရှိသူ ကိုလန်ဒန်က မဇ္ဈိမကိုပြောသည်။ 

“အစကတည်းက စခန်းသိမ်းမယ်ဆိုပြီးတော့ သွားတာဆိုတော့ လက်နက်ကြီးလည်း တော်တော်လေး သုံး‌ခဲ့တယ်။ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)သေဆုံးမှုကို ဘယ်လိုအတည်ပြုလဲဆိုတော့ ကျွန်တော်တို့ မျက်စိရှေ့တင် အတုံးအရုန်း မြင်နေရတာဗျ။ ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်)ရဲ့ မိသားစုဝင်တွေလဲ ထိခိုက်ပါတယ်” ဟု Natogyi Regional Defence Force ( NRDF) မှ ကိုလန်ဒန်က ပြောသည်။ 

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဘက်သို့ တပ်ကူများ ရောက်ရှိလာခြင်းကြောင့်  စခန်းအတွင်း  ဝင်ရောက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများနှင့် အရာရှိရဲမေများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး ရှင်းလင်းနိုင်ခဲ့ပြီး ကာကွယ်ရေးရဲဘော်တစ်ဦးလည်း  မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ ကျဆုံး ရဲဘော်ရဲ့ရုပ်အလောင်း (Death body)ကိုပြန်လည်သယ်ဆောင်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီကားနဲ့ ထိပ်တိုက်‌တွေ့တော့ body ကိုထားခဲ့လိုက်ရတယ်”ဟု မြင်းခြံခရိုင်တပ်ရင်း (၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“နောက်ပိုင်း တပ်ကူတွေလာလို့ ပြန်ဆုတ်ခဲ့ရတာ။ အစက ပိတ်မိပြီလို့ကို တွေးထားတာ ပြည်သူတွေရဲ့ မေတ္တာကြောင့်လို့ ပြောရမှာပဲ ကျွန်တော်တို့တွေ အကောင်းဆုံး ပြန်ထွက်နိုင်ခဲ့တယ်။  တပ်ရင်း(၃)က ရဲဘော်တစ်ယောက်ကတော့ စခန်းကို ပစ်တုန်းမှာပဲ ကျည်ထိမှန် ကျသွားရှာတယ်။ နှောကန်ရဲစခန်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လက်နက်ကြီး အသုံးပြုမှုက ဒီကောင်တွေ မထင်ထားတဲ့အတွက် အခုဆို တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ ကင်းပုန်းဆိုတာလည်း နေ့တိုင်း ရှိနေတယ်” ဟု ကိုလန်ဒန်က ဆက်‌ပြောသည်။ 

Natogyi Regional Defence Force ( NRDF)အနေဖြင့်  မန္တလေးတိုင်းကို နယ်မြေစိုးမိုးနိုင်ရန် ကြိုးစားနေသည်ဖြစ်ရာ  မိဘပြည်သူများအနေဖြင့်  စစ်ကောင်စီတပ်သားများ၏  လှုပ်ရှားမှုသတင်းများကို ပေးပို့ကြရန်လည်း ကိုလန်ဒန်က တိုက်တွန်းထားသည်။ 

နှောကန်ရဲစခန်း တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF နှင့်အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁) ၊  မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) ၊ Zero Nine PDF -MGN ၊ ဗိုလ်စား‌ ပြောက်ကျားတပ်ဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းသည် “Natogyi Regional Defence Force – NRDF” လူမှုကွန်ရက်စာမျက်နှာတွင် ယခင်က သတင်းထုတ်ပြန်ထားသည်ဖြစ်ရာ  ယခုတွင် “Natogyi Regional Defence Force - NRDF • မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း” စာမျက်နှာမှတစ်ဆင့် စောင့်ကြည့်ပေးကြရန် အသိပေးထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required