စစ်ကိုင်းမှာ ရွာမီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် ၃ ဦးသေဆုံး

By MTO(မဇ္ဈိမ)
22 April 2023
စစ်ကိုင်းမှာ ရွာမီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အင်းစကျေးရွာသို့ ဧပြီလ ၂၁ရက်နေ့ တွင် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း People Army to Fight Dictatorship(PAFD) အဖွဲ့က ထုတ်ပြန်ကြေညာသည်။

“အင်းစ ရွာကို ဝင်-ဝင်ချင်းမီးတိုက်တယ်၊ အဲ့အချိန်မှာ ကျတော်တို့ အဖွဲ့နဲ့ ဒေသခံအဖွဲ့တွေက လက်လုပ်သေနတ်တွေ ၆၀ မမတွေနဲ့ ထုတာ၊ သူတို့နဲ့ ထိပ်တိုက်တွေ့တာ၊ အဲ့လိုအနေအထားမှာ သူတို့ဘက်လည်း ထုတ်ပြန်ထားသလို ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရတာပါ” ဟု PAFDအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖက်ကလည်း လက်နက်အင်အား အလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း PAFD အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

၎င်းက “ လူအင်အားကလည်း ၁၀၀ ကျော်တယ်၊ စက်လတ်တွေနဲ့ ပြန်ပစ်တာ ခေါင်းတောင် မဖော်နိုင်ဘူး” ဟု ပြောသည်။

ယင်းစစ်ကြောင်းသည် ဧပြီလ ၁၉ ရက်နေ့ မှ စတင်ကာ မြင်းမူမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်း စစ်ကိုင်းမြို့ နယ်အတွင်းသို့ ဝင်ရောက်ကာ အင်းစကျေးရွာကိုး မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကာင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အင်းစရွာမှ နေအိမ် ၃၀၀ ကျော်လောက်ပျက်စီးခဲ့ပြီး အင်းစ ရွာနှင့် ကပ်လျက်ရှိသည့် တောင်ကြားရွာမှ နေအိမ် ၁၀လုံးလည်း  မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုကို People Army to Fight Dictatorship – PAFD တပ်ဖွဲ့ DK-PDF(MMU) ဒေသကာကွယ်ရေးတပ်ဖွဲ့၊ Phonex(SGG) စသည့် အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly