ဦးဇင်းဦးကေသရ(ခ)စောဂျော့မိုက်ကယ် အသက်ရှင်လျက်ရှိ

By ဂျူချန်း (မဇ္ဈိမ)
21 April 2023
ဦးဇင်းဦးကေသရ(ခ)စောဂျော့မိုက်ကယ် အသက်ရှင်လျက်ရှိ

ရဟန်းဘဝမှ PDF ရဲဘော်ဖြစ်လာသည့် Lion Battalion ဗျူဟာစစ်ကြောင်းမှ စောဂျော့မိုက် ကယ် တိုက်ပွဲအတွင်းသေဆုံးကြောင်း သတင်းများထွက်ပေါ်နေသည်။ ယင်းမှာ မှားယွင်းနေသည်။

“Ba Nyut” တယ်လီဂရမ်ချန်နယ်မှ ဧပြီလ ၁၇ ရက်နေ့တွင် အဆိုတော် ရေမွန်အား စောဂျော့မိုက်ကယ်က ပစ်သတ်ခဲ့မှုကို ကလဲ့စားပြန်ချေသည့်အနေဖြင့် ရေမွန်၏ပရိသတ်က စနိုင်ပါဖြင့်ချောင်းပစ်၍ စောဂျော့ မိုက်ကယ်(ခ)ဦးဇင်းဦးကေသရ သေဆုံးခဲ့ကြောင်း  ဖော်ပြထားသည်။ ထိုအကြောင်း အခြားချန်နယ် ၁၁ ခု တွင်လည်းပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူပေါင်း ၅၀,၀၀၀ ကျော်နေပြီဖြစ်သည်။ 

ထို့ပြင် “New Day Myanmar” ဖေ့စ်ဘုတ်စာမျက်နှာမှ “ဦးကေသရ(သို့)ပြည်သူ့ကာကွယ်ရေးရဲဘော် စောဂျော့မိုက်ကယ်ကျဆုံး” ဟု ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းကဖော်ပြထားရာ ဖြန့်ဝေသူ ၈၀၀ နီးပါးရှိခဲ့ သည်။ ဧပြီလ ၁၈ ရက်နေ့တွင် စောဂျော့မိုက်ကယ်(ခ)ဦးဇင်းဦးကေသရ အသက်ရှင်လျက်ရှိနေကြောင်း ပြန်လည်ဖော်ပြထားသော်လည်း ထိုပိုစ့်ကိုမူ ဖြန်ဝေသူ ၂၂ ဦးသာ ရှိသည်။ 

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ရဲဘော်စောဂျော့မိုက်ကယ် (ခ) ဦးဇင်းဦးကေသရ  သေဆုံးမှုမရှိကြောင်း တွေ့ရှိရသည်။ 

စောဂျော့မိုက်ကယ်၏ဖေ့စ်ဘုတ်အကောင့်တွင် ဧပြီလ ၁၇ ရက်နေ့ ည ၈ နာရီ ၅ မိနစ်က “စောဂျော့မိုက် ကယ်နဲ့တပ်ဖွဲ့ဝင်များအား ရန်သူရှေ့တန်းနယ်မြေမှာ လုံခြုံစိတ်ချရသောနေရာသို့ ထိုးဖောက်ဝင်ရောက် ကယ်ဆယ်ခေါ်ဆောင်နိုင်ခဲ့ပါပြီ” ဟု အခြားတစ်ယောက်မှ ရေးသားထားသည်။ယနေ့အထိလည်း ၎င်း အကောင့်ကို ဆက်လက်အသုံးပြုနေကြောင်းကိုလည်း တွေ့ရသည်။
လင့် − t.ly/4ST8

စောဂျော့မိုက်ကယ်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိုယ်တိုင် အသံဖိုင်ဖြင့် သေဆုံးမှုအတွက် စိတ်ပူပေးသူများအားလုံးကိုကျေးဇူးတင်ကြောင်း ဧပြီ ၂၀ ရက်နေ့တွင် ပြန်လည်ဖြေကြားခဲ့သည်။ 

အဆိုတော် ရေမွန်သည်  ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် တောတွင်းတစ်နေရာ၌ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ထိုအကြောင်းကို ၎င်းနှင့်နီးစပ်သူများအပြင် မီဒီယာများမှလည်း ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ 
လင့် − t.ly/4e-U , t.ly/I-qCY , t.ly/zKfF

ထို့ကြောင့် သတင်းတုတွင်ပျံ့နှံ့နေသည့် အဆိုတော်ရေမွန်ကိုလုပ်ကြံခဲ့ခြင်းကြောင့် စောဂျော့မိုက်ကယ် စနိုင်ပါဖြင့် ချောင်းပစ်ခံရပြီး သေဆုံးသည်ဆိုသည်မှာ သတင်းအမှားသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly