မီဇိုရမ်ပြည်နယ်တွင် ထောက်ဖောက်ပြေးသည့် မြန်မာနိုင်ငံသား ၅ဦးမှ ၂ဦး ပြန်လည်ဖမ်းမိ

By ပါခွီး (မဇ္စျိမ)
21 April 2023
မီဇိုရမ်ပြည်နယ်တွင် ထောက်ဖောက်ပြေးသည့် မြန်မာနိုင်ငံသား ၅ဦးမှ ၂ဦး ပြန်လည်ဖမ်းမိ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လုံးလေမြို့တွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ငါးဦး ထောင်မှ ဖောက်ထွက်ပြေးခဲ့ပြီး ၎င်းတို့အထဲမှ နှစ်ဦး အား ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင်ဖော်ပြသည်။

ဧပြီလ ၂၀ရက် ည ၈နာရီ ၃၀မိနစ်အချိန်တွင် Mausen ရွာအနီး လူငယ်အဖွဲ့နှင့် ကျေးရွာ အာဏာပိုင်အဖွဲ့က ဖမ်းဆီးခဲ့ပြီး လုံးလေ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းဆိုသည်။

ပြန်လည်ဖမ်းဆီးရမိသူနှစ်ဦးမှာ Lal Bawi Lian (၂၇နှစ်) , Do Kap Thang (၂၆နှစ်) တို့ဖြစ်ပြီး Mausen ကျေးရွာအနီးရှိ ဟိုတည်တစ်ခုတွင် ဖမ်းဆီးရမိကြောင်းသိရသည်။

“သူတို့နှစ်ယောက်က မောပန်းနေပြီး ဆာလို့ အစားအစာရှာဖို့ ဟိုတယ်ကိုလာတဲ့အတွက် ဟိုတယ်ပိုင်ရှင်က ထောင်ပြေးလားတဲ့သူတွေမှန်းသိတဲ့ အတွက် ကျနော်တို့ကို သတင်းပေးတဲ့အတွက်သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်” ဟု ဖမ်းဆီးရာတွင်ပါဝင်သူ တစ်ဦးက ပြောကြားသည်။

၎င်းတို့အနေဖြင့် ထောင်ဖောက်ပြေးကြောင်းကြားသိရသည့်အတွက် ရပ်ရွာပြည်သူများ လုံခြုံရေးနဲ့ ဘေးအန္တာရယ်ကင်းရှင်းအတွက် ညဘက်ကင်းစောင့်ခဲ့ပြီး ထောင်ပြေးများ ပြန်လည်ဖမ်းဆီးရမိရေးအတွက် တာဝန်များအသီးသီးခွဲဝေဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုးခွားထာလ်ရွာသားများဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ယင်းအချက်အပေါ် မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မီဇိုလူငယ်အသင်းအနေဖြင့် ကျန်ရှိသော သုံးဦးကို ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုသည်။

ဧပြီလ ၁၉ရက် နံနက် ၂နာရီခန့်အချိန်တွင် အကျဉ်းထောင်အိမ်သာ၏ လေကာကို ဖောက်ကာ ထွက်ပြေးကြသူများမှာ ၂၀၂၁ခုနှစ်တွင် အမျိုးသမီးတစ်ဦးအား ဓါးဖြင့် ထိုးသတ်ခဲ့သည့် Lalchawmawia (၂၄နှစ်) နှင့် မူးယစ်ဆေးဝါးမှုကြောင့် ပြစ်ဒဏ်ခံ နေရသူများဖြစ်သော Lal Bawi Lian (၂၇နှစ်) , Do Kap Thang (၂၆နှစ်) ၊ Hau Deih Cin (၂၅နှစ်) နှင့် Van Nei Thang (၃၈နှစ်) တို့ဖြစ်ကြောင်းသိရသည်။

ယင်းတို့ ငါးဦးထောင်မှ ဖောက်ပြေးသဖြင့် လုံးလေမြို့နယ်အတွင်း ခိုလှုံလျက်ရှိသူ များနှင့် ဈေးရောင်းချ၍ အသက်မွေးဝမ်းကြောင်းနေသည့် မြန်မာနိုင်ငံသားများအပေါ် တင်းကျပ်သည့် စည်းကမ်းချက်များ ဒေသရှိ လူငယ်အသင်းများနှင့် အာဏာပိုင်များက ထုတ်ပြန်ခဲ့ကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly