ပြင်သစ်နိုင်ငံမှ ဆန္ဒပြဗီဒီယိုဖိုင်ဖြင့် မြန်မာစစ်ခေါင်းဆောင်အားဖမ်းဆီးရန် ဆန္ဒပြဟု သတင်းမှားဖြန့်

ပြင်သစ်နိုင်ငံမှ ဆန္ဒပြဗီဒီယိုဖိုင်ဖြင့် မြန်မာစစ်ခေါင်းဆောင်အားဖမ်းဆီးရန် ဆန္ဒပြဟု သတင်းမှားဖြန့်

မဇ္ဈိမ။    ။ ပြင်သစ်နိုင်ငံတွင်ဆန္ဒပြနေသည့် ဗီဒီယိုဖိုင်တစ်ခုဖြင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်အား ဖမ်းဆီးပေးရန် ဆန္ဒပြနေကြသည်ဟူသော ဗီဒီယိုဖိုင်တစ်ခု Tit Tok တွင် ဖြန့်ဝေထားသည်။

“နွေဦးမောင်” အမည်ဖြင့် Tit Tok အသုံးပြုသူတစ်ဦးမှ “မင်းအောင်လှိုင်ကို ဖမ်းပေးဖို့ ဆန္ဒထုတ်ဖော်နေ ကြတာ အားရစရာကြီး” ဟု ရေးသားပြီး ဆန္ဒပြဗီဒီယိုဖိုင်တစ်ခုအား ဖြန့်ဝေထားသည်။ အဆိုပါ ဗီဒီယိုဖိုင် အား ကြိုက်နှစ်သက်သူ ၁၇,၉၀၀ ကျော်ရှိပြီး ပြန်လည်ဖြန့်ဝေထားသူ ၄၉၀ ရှိသည်။
မှတ်ချက်တွင်လည်း “အားရစရာကြီး” ၊ “အားရတယ်ဖမ်းစေ” ၊ “အောင်မြင်ပါစေ” ဟု ရေးသားထားကြ သည်။ 

မဇ္ဈိမအနေဖြင့် အဆိုပါဗီဒီယိုဖိုင်အား စစ်ဆေးခဲ့ရာတွင် အကြောင်းအရာ မှားယွင်းနေကြောင်း တွေ့ရ သည်။ 

ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်သည် “Loopsider” အမည်ရှိ Tit Tok အကောင့်မှ တိုက်ရိုက်ထုတ်လွင့်ခြင်းကို ဖမ်းယူကာတင်ထားခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်တွင် “ပါရီမြို့မှဆန္ဒပြပွဲမှ တိုက်ရိုက်ထုတ်လွှင့်သည်” ဟု ပြင်သစ်ဘာသာဖြင့် ရေးသားထားသည်။ မူရင်း တိုက်ရိုက်ထုတ်လွှင့်မှုကိုမူ မတွေ့ခဲ့ပေ။ 

ထိုဆန္ဒပြပွဲတွင် ပြင်သစ်အလံနှင့် ဆိုင်းဘုတ်များတွင်လည်း ပြင်သစ်စာများဖြင့်သာ ရေးသားထားသည်။ လုံခြုံရေးရဲများနှင့် ဆန္ဒပြသူများကြား ပဋိပက္ခဖြစ်ပွားနေပြီး မီးခိုးဗုံးခွဲသံများကိုလည်း ကြားနေရသည်။ ၎င်းတို့ပြောစကားများသည်လည်း ပြင်သစ်ဘာသာဖြင့်သာဖြစ်ပြီး “မင်းအောင်လှိုင်” ဟူသော ပြောစကား မျိုး မပါဝင်ပေ။ 

ထို Loopsider အမည်ဖြင့် ဖေ့စ်ဘုတ်ပေ့ချ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် တိုက်ရိုက်ထုတ်လွင့်မှု ပြုလုပ်ခဲ့ သည့်ဖိုင်နှင့် ယခုဖိုင်ရှိ အဆောက်အဦးများ၊ အပင်များ တူညီနေသည်။ ၎င်းမှာ ပဲရစ်တွင် ပင်စင်စနစ်ပြုပြင် ပြောင်းလဲမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲဖြစ်သည်။ လင့် − t.ly/s42vR

ထိုအကြောင်းကို ပြင်သစ်သတင်းဌာနတစ်ခုဖြစ်သည့် lesechos.fr မှလည်း သတင်းတင်ဆက်ထားသည်။ လင့် − t.ly/7hwk

အလားတူပင် ပြင်သစ်၌ ပင်စင်ယူရန် အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့တိုးမြှင့်ရန် သမ္မတ အီမန်နူရယ် မက်ခရွန်၏ အစီအစဉ်ကိုဆန့်ကျင်သည့်ဆန္ဒပြမှု ဧပြီလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း BBC News  မှ ဖော်ပြထားသည်။
လင့်https://www.youtube.com/watch?v=zlGXNGPRzuk

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် လောင်စာဆီဈေးမြင့်တက်မှုကြောင့် “Yellow Vest” လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။ 
လင့် https://www.youtube.com/watch?v=rJz4NXm6vis

ပြင်သစ်နိုင်ငံတွင် မကြာခဏ ဆန္ဒပြမှုများဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ဝင်များက မီးခိုးဗုံးများဖြင့် လူစုခွဲမှုများ ပြုလုပ်လျက်ရှိနေသည်။ သို့သော် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ပတ်သက် သည့် ဆန္ဒပြုမှုမျိုးမရှိခဲ့သလို ပြင်သစ်၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆန္ဒပြသည့်အကြောင်းကိုလည်း မည်သည့် ပြည်တွင်း၊ ပြည်ပမီဒီယာများမှ ဖော်ပြထားခြင်းမရှိပေ။ 

ထို့ကြောင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် ဆန္ဒထုတ်ဖော်နေကြသည်ဟူသော ဗီဒီယိုဖိုင်သည် ပြင်သစ်နိုင်ငံမှ ဆန္ဒပြမှုဗီဒီယိုဖိုင်တစ်ခုကို အသုံးပြု ထားခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly