ကနီ တာဝါတိုင်စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးပြီး ၃ ယောက် ထွက်ပြေးလွတ်မြောက်

By မောင်ခက်နွေ
19 April 2023
ကနီ တာဝါတိုင်စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးပြီး ၃ ယောက် ထွက်ပြေးလွတ်မြောက်
Photo - MOD

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် စစ်အုပ်စု၏ တာဝါတိုင် စခန်းကုန်းကို ဧပြီ ၁၇ရက် မနက်ပိုင်း PDF တပ်ရင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးပြီး သုံးယောက်ခန့်သာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)ကလည််း လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝကားလမ်း မိုင်တိုင် ၄၉ အနီး စစ်ကောင်စီ၏ တာဝါတိုင်စခန်းကို ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)က ဦးဆောင်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း (၁၈) - KPDF- (2) အပါအ၀င် PDF တပ်ရင်း တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်သည်။

ထို တာဝါတိုင်စခန်း သိမ်းပိုက်မှုတွင် စစ်အုပ်စုဘက်မှ ဗိုလ်ကြီးအဆင့် သွဲ့လင်းထက်ဆိုသူနှင့် တပ်ကြပ်အဆင့် တစ်ယောက် ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးကာ ကနီ KPDF- (2) တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးသည်ဟု KPDF-(2 )တပ်ရင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

"တိုက်ပွဲပြီးတော့ ရဟတ်ယာဉ်နဲ့ လာပစ်တယ်၊ အဲ့မှာ စကစဘက်က သေတာ ၃၀ ကျော်ရှိမယ်။ အလောင်းတွေကိုတော့ သူတို့ ရဟတ်ယာဉ်က ပစ်ကူပေးပြီး လာကောက်သွားတယ်” ဟု KPDF-2 တပ်ရင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း MA-2 သုံးလက်၊ MA - 11 ခြောက်လက်၊ MA - 3 ငါးလက်၊ MA - 4 တစ်လက်၊ MA ကျည်ဘောက် ရှစ်ခု၊ ၅.၅၆ကျည် ၉,၃၈၀ တောင့်၊ 60mm ပြောင်းတို တစ်လက်၊ 60 mm ဗုံးသီး ၅၀လုံး၊ 40 mm ဗုံးသီး ၅၇လုံး၊ လက်ပစ်ဗုံးသီး ၅၆လုံး၊ ရှေ့ထွက်မိုင်း ၁၀လုံး၊ နင်းမိုင်း ၂၉ လုံး၊ Detonator လက်ပစ် ၃၇ ခု၊ Detonator မိုင်း ၄၅ခု ၊ချပ်ဝတ်တန်ဆာ နှစ်ခု၊ ငွေကျပ် ၁၁,၁၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly