အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ မြန်မာစစ်တပ်ထံ လက်နက်တွေ မရောက်အောင် ဟန့်တားပိတ်ပင်ဖို့ G7 တောင်းဆို

19 April 2023
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ မြန်မာစစ်တပ်ထံ လက်နက်တွေ မရောက်အောင် ဟန့်တားပိတ်ပင်ဖို့ G7 တောင်းဆို

အဖွဲ့ဝင် ခုနစ်နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် ဟန့်တားပိတ်ပင်ဖို့ နိုင်ငံအားလုံးကို ထပ်မံတောင်းဆိုတဲ့အကြောင်း ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးတွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ 

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးအပြီး ဧပြီ ၁၈ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဒီလို အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတရားချုပ်နှောင်ခံထားရသူတွေ အားလုံးကို ပြန်လွှတ်ဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။  

မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေးမှာ အဟန့်အတားမရှိ ဘေးကင်းလုံခြုံစွာပေးနိုင်ရေး အာမခံဖို့နဲ့ သက်ဆိုင်ရာ အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်လာနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့လည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required