ဝမ္မသူးတိုက်နယ်ဆေးရုံရှိ ဆေးရုံသုံးပစ္စည်းများကို စစ်ကြောင်းမှူး ပြောကြားချက်အတိုင်း ဖျက်ဆီးခြင်းဖြစ်

ဝမ္မသူးတိုက်နယ်ဆေးရုံရှိ ဆေးရုံသုံးပစ္စည်းများကို စစ်ကြောင်းမှူး ပြောကြားချက်အတိုင်း ဖျက်ဆီးခြင်းဖြစ်
ဓါတ်ပုံ - ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ဝမ္မသူးရွာ တိုက်နယ်ဆေးရုံ၊ ဝန်ထမ်း အိမ်ရာများ၊ ဆရာဝန် လိုင်းခန်း တံခါးများကို စစ်ကောင်စီတပ် ဖျက်ဆီးပြီး အသုံးပစ္စည်းများ ယူဆောင်စဉ်။

မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံ အတွင်းရှိ ဆေးရုံသုံးပစ္စည်းများကို သက်သေမကျန်အောင် ဖျက်ဆီးရမည်ဟု စစ်ကြောင်းမှူး၏ ပြောကြားချက်အတိုင်း ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားက ပြောသည်။

‘’မင်းတပ် - မတူပီတိုက်ပွဲမှာ ဒဏ်ရာရတဲ့သူတွေ အဲဒီဆေးရုံမှာ ဆေးကုနေတယ်လို့ သတင်းရတော့ မင်းတပ်မြို့ပေါ် (၂၇၄) ကနေ စစ်ကြောင်းထိုးတာ၊ ရောက်တော့ ဆေးရုံတွေ ဖျက်ဆီးတယ်၊ ဆေးပစ္စည်းတွေ မီးရှို့တယ်၊ အဲ့မှာ ကျွန်တော်တို့ စစ်ကြောင်းမှူးက သက်သေတွေ မကျန်အောင် ဖျက်ဆီးရမယ်ပြောတော့ အဲလိုလုပ်လိုက်ပါတယ်” ဟု စစ်ကောင်စီတပ်သား ဦးဆန်းလင်းအောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မင်းတပ်မြို့နယ်၊ ဝမ္မသူး တိုက်နယ်ဆေးရုံရှိ ဆေးရုံသုံး သံကုတင်များမှအပ ကျန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ရပ်များနှင့် ပတ်သက်၍ ၎င်းတို့စစ်ကြောင်းမှူးမှ သက်သေအားလုံး ဖျောက်ခိုင်းသည့်အတွက် လုပ်ကြရသည်ဟု အဆိုပါစစ်ကြောင်းမှ မင်းတပ်CDFထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဦးဆန်းလင်းအောင်က ထွက်ဆိုသည်။

အဆိုပါဝန်ခံချက်ကို ၂၀၂၂ခုနှစ် အစောပိုင်းကအလင်းဝင်လာသည့် တပ်သားဦးဆန်းလင်းအောင်က ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့်The Mindat Post နှင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူးတွင် ပြောဆိုခြင်းဖြစ်သည်။

ယင်းဆေးရုံအတွင်းရှိ စားပွဲ၊ ဗီရို၊ ကုတင်၊ ထိုင်ခုံ၊ စောင်၊ ဆေးပစ္စည်း၊ တွန်းလှည်း၊ စက်ပစ္စည်းများ ၊အသက်ရှူစက်၊အရေးပေါ်အောင်ဆီဂျင်ပေးသည့်ကိရိယာများ အားလုံးနှင့် ဆေးရုံအတွင်းမှန်များ၊ ဆေးစင်များကို ရိုက်ခွဲ ဖျက်ဆီးခဲ့ပြီး မီးစက် နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဝမ္မသူးတိုက်နယ်ဆေးရုံသည် မင်းတပ်မြို့အနီးဝန်းကျင်ရှိ ဒေသခံများနှင့် ယော၊ဆော၊ကျောက်ထုဘက်ခြမ်းမှ ပြည်သူများ အားထားနေရသည့် တိုက်နယ်ဆေးရုံလည်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း မကြာခဏ ဝင်ရောက်ဖျက်ဆီးခြင်းခံရသည့် ဆေးရုံတစ်ခုလည်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required