တိုက်ပွဲအစစ်အတွက် အသင့်ပြင်ထားရန် တရုတ်သမ္မတက တပ်ဖွဲ့ဝင်များကို ညွှန်ကြားထား  

တိုက်ပွဲအစစ်အတွက် အသင့်ပြင်ထားရန် တရုတ်သမ္မတက တပ်ဖွဲ့ဝင်များကို ညွှန်ကြားထား  

တရုတ်စစ်တပ်အနေဖြင့် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် မကြာသေးမီက အင်အားပြသခဲ့ပြီးနောက် သမ္မတရှီကျင့်ဖျင်က တိုက်ပွဲအစစ်အတွက် အသင့်ပြင်ထားရန် ၎င်း၏စစ်တပ်ကို တိုက်တွန်းထားသည်။  

ရှီကျင့်ဖျင်သည် တောင်ပိုင်းတိုင်း ရေတပ်ဌာနချုပ်သို့ သွားရောက်စစ်ဆေးစဉ် စစ်ရေး လေ့ကျင့်မှုနှင့်ပြင်ဆင်မှုများကို အပြင်းအထန်လုပ်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအတွက် ပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့စည်း တည်ဆောက်ရေးကို အရှိန်မြှင့်ရန်နှင့် ခေတ်မီစစ်တပ်အဆင့်သို့ မြှင့်တင်ရန်လိုအပ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ “ရဲဘော်တို့ဟာ တိုက်ပွဲအစစ်ပုံစံ စစ်ရေးလေ့ကျင့်မှုကို အသေအချာလုပ်ဆောင်ရပါမယ်။ တရုတ်နိုင်ငံဟာ အယူအဆသဘောတရားနဲ့ တိုက်ခိုက်ရေးနည်းတွေကိုလည်း ဆန်းသစ်တီထွင်နေရမယ်” ဟု ရှီက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက Xinhua က ဖော်ပြခဲ့သည်။ ရှုပ်ထွေးသောအခြေအနေများကို သင့်တော်သောနည်းလမ်းဖြင့် အချိန်မီ တုံ့ပြန်နိုင်စွမ်းကို တိုးမြှင့်ရန် လိုအပ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။ နှစ်ဖွဲ့အကြား တင်းမာမှုများ မြင့်တက်နေစဉ်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုပြီးဆုံးကြောင်း ကြေညာပြီးနောက် ၁ ရက်အကြာတွင် တရုတ်ရေတပ်က ဧပြီ ၁၁ ရက်တွင် ထိုင်ဝမ်ဝန်းကျင်၌ တိုက်ပွဲပုံစံစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုနေချိန် ရှီကျင့်ဖျင်က ယခုကဲ့သို့ တိုက်တွန်းလာခြင်းဖြစ်သည်။ ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီတို့ တွေ့ဆုံခဲ့မှုကြောင့် စစ်ရေးပြခြင်းဖြစ်ကြောင်း တရုတ်က တုံ့ပြန်ခဲ့သည်။ “စိုင်အင်ဝမ်ဟာ ထိုင်ဝမ်ကို အန္တရာယ်ကျရောက်အောင် လုပ်နေတာပါ။ သူမဟာ အမေရိကန်နဲ့ လုံးဝပူးပေါင်းပြီး ထိုင်ဝမ်ကို မုန်တိုင်းထန်တဲ့အခြေအနေထဲ တွန်းပို့နေတာပါ” ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဇူးဖန်ဂလီယန်က ပြောသည်။ ထိုင်ဝမ်အနီးတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်လွတ်လပ်ရေးကိုအားပေးသော ခွဲထွက်အဖွဲ့များနှင့် ပြင်ပအင်အားစုများနှင့် ပူးပေါင်းခြင်းနှင့်ရန်စခြင်းများအပေါ် ပြင်းပြင်းထန်ထန် သတိပေးခြင်းဖြစ်ကြောင်း သူမက ပြောသည်။ တရုတ်သည် ပိုင်နက်အချုပ်အခြာ၊ ရေကြောင်းဆိုင်ရာအခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ပြီး အိမ်နီးချင်းဒေသများ၏ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကြိုးပမ်းသွားမည်ဟု ရှီက ဆိုသည်။ အမေရိကန်ဖျက်သင်္ဘော ၁ စင်းသည် တောင်တရုတ်ပင်လယ်ဝန်းကျင် ရေပိုင်နက်အတွင်း ခုတ်မောင်းနေခဲ့ကြောင်း တရုတ်က ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီး မကြာသေးမီက အမေရိကန်နှင့် အငြင်းပွားခဲ့သည်။ အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် အာရှ-ပစိဖိတ်ဒေသတွင် တရုတ်၏ အတင့်ရဲ ရန်လိုမှုများအပေါ် စိုးရိမ်သဖြင့် လတ်တလောတွင် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly