မန္တလေးတွင် အခမဲ့ရေကစားခွင့်ပြုသည့် နေရာများတွင်လည်း ရေကစားသူနည်းပါး

By 007 (မဇ္ဈိမ)
14 April 2023
မန္တလေးတွင် အခမဲ့ရေကစားခွင့်ပြုသည့် နေရာများတွင်လည်း ရေကစားသူနည်းပါး

မန္တလေးတွင် ကျုံးအနောက်ဘက်နှင့် မြောက်ဘက်ခြမ်းတို့၌ အခမဲ့ရေကစားခွင့် ပြုထားသော်လည်း ရေကစားကြသူ နည်းပါးသည်ဟု ဒေသခံများထံက သိရသည်။

“အနောက်ကျုံးမှာ အရင်လို ရေပိုက်တွေနဲ့ ရေပက်ကြတာမျိုးက မနေ့ကလည်းမရှိဘူး၊ ဒီနေ့လည်း မနက်ပိုင်းအထိမရှိဘူး၊ နောက်တော့ ရေကစားတဲ့တစ်ဖွဲ့ထွက်လာတာ တွေ့ရတယ်၊ မြောက်ကျုံးမှာလည်း အတူတူပဲ အခမဲ့ပေးတာတောင် ပြည်သူက စိတ်မ၀င်စားဘူး” ဟု မန္တလေးမြို့ခံံတစ်ဦးက ပြောသည်။

မန္တလေးတွင် ခေတ်အဆက်ဆက် ကျုံးအနောက်ဘက်နှင့် မြောက်ဘက်ခြမ်းတို့၌ ကျုံးရေကို ရေစုပ်စက်ဖြင့်သွယ်ယူပြီး ရေပိုက်များဖြင့်ရေကစားခဲ့ကြသည်။

ရေကစားလိုသူများအနေဖြင့် မန္တလေးစည်ပင်ကို ငွေကျပ်နှစ်သိန်း အခွန်ပေးဆောင်ရပြီး ယခုနှစ်တွင်မူ စစ်ကောင်စီက အခမဲ့ခွင့်ပြုပေးမည်ဖြစ်ကြောင်း နှစ်ပတ်ခန့် ကြိုတင်ကြေညာခဲ့သည်။

“အဲဒီမှာက၊ အရင်ကတော့ စည်ပင်ကိုနှစ်သိန်းသွင်းပြီး ကိုယ့်အဖွဲ့လေးတွေနဲ့ကိုယ် ရေကစားကြတာပေါ့နော်၊ အနောက်ကျုံးဖြစ်တဲ့လမ်း ၈၀ တစ်လျှောက်မှာ အဖွဲ့နှစ်ဆယ်အစိတ်လောက်ရှိတယ်၊ မြောက်ကျုံးမှာလည်း အဲဒီလောက်ရှိတယ်၊ ဒီနှစ်တော့ အဲဒါတွေ မတွေ့ရတော့ဘူး၊ အခမဲ့လို့ပြောတာတောင် လူတွေကစိတ်မ၀င်စားကြဘူး” ဟု ကျုံးအနောက်ဘက်ခြမ်း၌ နေထိုင်သူတစ်ဦးက ပြောသည်။

မန္တလေးတွင် သင်္ကြန်အကြိုနေ့နှင့် ယနေ့သင်္ကြန်အကျနေ့တို့၌ လမ်းမများပေါ် လည်ပတ်သူ ၊ရေကစားထွက်ကြသူများဖြင့် စည်ကားခြင်းမျိုး မတွေ့ရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပြီး ကျင်းပသည့် နေရာများတွင်သာ အနည်းငယ်ရေကစားကြသည်ကိုတွေ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စစ်ကောင်စီသည် မန္တလေးသင်္ကြန် စည်ကားစေရန် နည်းမျိုးစုံဖြင့် စည်းရုံးခဲ့သော်လည်း ပြည်သူပါ၀င်မှုအလွန် နည်းပါးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မန္တလေးသင်္ကြန်ကို လမ်းလျှောက်သင်္ကြန်နှစ်ခု၊ ကျုံးဘေးတွင်မဏ္ဍပ် ၁၀ ခု၊ မန္တလေးအိမ်ရာတွင် တစ်ခု၊ စျေးချိုနာရီစင်အနီးနှင့် သိပ္ပံလမ်းတို့တွင် တစ်ခုစီနှင့် စုစုပေါင်း  မဏ္ဍပ် ၁၃ ခုဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အနုပညာရှင်များလည်း အလှည့်ကျ၀င်ရောက်ဖျော်ဖြေကြကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly