ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၁၉ ဦးအပါအဝင် သေဆုံးသူ ၁၆၅ ဦး ရှိပြီဖြစ်ကြောင်း NUG ထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
13 April 2023
ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၁၉ ဦးအပါအဝင် သေဆုံးသူ ၁၆၅ ဦး ရှိပြီဖြစ်ကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးသစ်ဖွင့်ပွဲအလှူတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် လူ ၁၆၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၁၃ရက်နေ့အထိ ရရှိထားသည့် အချက်အလက်များအရ သေဆုံးသူ ၁၆၅ ဦးစာရင်းရရှိထားပြီး ထိခိုက်သေဆုံးမှု စာရင်းအား ဆက်လက်ကောက်ယူနေဆဲဖြစ်သဖြင့် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ချေရှိကြောင်း ဆိုသည်။

ရရှိထားသည့် အချက်အလက်များအရ သေဆုံးသူ ၁၆၅ဦးအနက် အသက် ၁၈နှစ်အောက် ကလေး ကျား ရှစ်ဦး၊ မ ၁၁ဦး နှင့် အမျိုးသမီး ၂၇ဦး ပါဝင်ရာ ဆက်လက်ပြီး ကလေး၊ ကျား၊မ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ 

အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၃ ဦးထက်မနည်းရှိကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရသည်။ ဒဏ်ရာရရှိသူဦးရေများကို NUG ကာကွယ်ရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးတပ်ဖွဲ့များက ကုသပေးလျက်ရှိပြီး ၁၇ ဦးမှာအကြီးစားခွဲစိတ်မှုများ ပြုလုပ်ထားရကာ စိုးရိမ်ရကြောင်း ဆိုသည်။

“ဒဏ်ရာရရှိသူတွေထဲတွင် တစ်ကိုယ်လုံးနီးပါး မီးလောင်ကျွမ်းသွားတဲ့ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးတို့ ပါဝင်ပါတယ်” ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိတွင် အဆိုပါတိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေရသည့် ဒေသခံ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ IIMM, UN Special Reporter နှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့အကြောင်းကြားလျက်ရှိကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူလူထုကို မြေပြင်တွင် စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်စစီ ပြန့်ကျဲနေသည့် ရုပ်အလောင်းများနှင့် ခန္ဓာကိုယ်အပိုင်းအစများအား အခင်းဖြစ်ပွားသည့် ဧပြီ ၁၁ ရက်နေ့မှစတင်ကာ ယနေ့  ဧပြီ ၁၃ရက်နေ့အထိ သုံးရက်တိုင်တိုင် လိုက်လံကောက်ယူနေရပြီး သေဆုံးသူ အလောင်း ၁၅၈လောင်းအား မီးရှို့ သင်္ဂြိုဟ်ပြီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချရန် ရုရှားနှင့် တရုတ်တို့က လက်မခံသောကြောင့် ကုလ လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ထပ်မံခေါ်ယူပေးရန် ဗြိတိန်မှ ဆက်လက်တောင်း ဆိုထားကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required