ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲအဖွဲ့မှ နှိုးဆော်

By ဂန္ဒမာ (မဇ္ဈိမ)
13 April 2023
ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲအဖွဲ့မှ နှိုးဆော်

စစ်ကောင်စီတပ်ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူအများအပြား အိုးပစ်အိမ်ပစ်၊ သေကွဲရှင်ကွဲ ကွဲနေကြရပြီး ထိုသူများကို ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြပါရန် ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) က ရန်ကုန်ရှိ တော်လှန်ရေးပန်းခြံအနီးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ 

“အခက်အခဲတွေကြားကနေပြီးတော့ အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးမြှင့်ထားတဲ့စမ်းချောင်းမြို့နယ်မှာ ဒီလူထုလှုံ့ဆော်မှု၊ လှုပ်ရှားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလှုပ်ရှားများအတွက် ကျွန်တော်တို့ စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။ အရင်တစ်ခါကလည်း ကျွန်တော်တို့ တော်လှန်ရေးပန်းခြံရှေ့မှာပဲ မင်းအောင်လှိုင် ခေါင်းပြတ်ကြီးနဲ့ ကျွန်တော်တို့ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” သပိတ်ပွဲကို ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ လုံခြုံရေးတင်းကျပ်မှုတွေကြားကနေ အကြမ်းဖက်စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ နားရွက်ကို တံတွေးစွတ်ခဲ့တာဖြစ်ပါတယ်။” ဟု ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ က မဇ္ဈိမ ကို ဖြေကြားသည်။ 

ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)တွင် သင်္ကြန်ယိမ်းအကနှင့်ပတ်သက်၍ ကျွမ်းကျင်စွာ က တတ်သူမရှိသော်လည်း အချိန်တိုအတွင်းယူကျု့မှတစ်ဆင့် အကြိမ်အရေအတွက်မြောက်များစွာ လေ့ကျင့်ခဲ့ပြီး လူထုကို ကပြဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း ပြောသည်။ ကပြဖျော်ဖြေသည့်အခါတွင်လည်း CDM သင်္ကြန် အမည်ရ ပြည်သူ့အချစ်တော် မင်းမော်ကွန်း၏ သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီးလူထုကို လှုံ့ဆော်မှု တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ က ပြောသည်။ 

လှုပ်ရှားမှုကို Youth Scout for Democracy (Y.S.D) မှမြေပြင်ကင်းထောက်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly