ပဇီကြီးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမေရိကန် ပြစ်တင်ရှုတ်ချ

By Anadolu Agency
12 April 2023
ပဇီကြီးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမေရိကန် ပြစ်တင်ရှုတ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ် ပဇီကြီးကျေးရွာ၌ ဧပြီ ၁၁ ရက်က ကလေးအများအပြား အပါအဝင် လူ ၁၅၀ ဦးထက်မနည်း တက်ရောက်ခဲ့သည့် ရပ်ရွာလူထုစုဝေးမှု အခမ်းအနားတစ်ခုကို စစ်ကောင်စီက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်သည်။

“ကလေးတွေအပါအဝင် လူ ၅၀ ကျော် သေဆုံးပြီး လူ ၃၀ ထက်မနည်း ဒဏ်ရာရတယ်လို့ သိထားရတဲ့ စစ်ကိုင်းဒေသက မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းကြောင့် မိမိတို့ အင်မတန် စိုးရိမ်ပူပန်မိတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပါတဲလ်က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြောဆိုသည်။

“ဒီ တိုက်ခိုက်မှုဖြစ်စဉ် မတိုင်ခင် ဧပြီ ၁၀ ရက်ကလည်း ချင်းပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ကိုးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရတယ်။ ဒီလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကြည့်မယ်ဆိုရင် မြန်မာမှာ ၂၀၂၁ ၊ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ဟာ လူ့အသက်တွေကို အလေးမထားဘူး ဆိုတာကို ထပ်မံ ပြသနေသလို နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သေရေးရှင်ရေးတမျှ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် သူတို့ရဲ့တာဝန်ရှိမှုကို လျစ်လျူရှုနေတယ် ဆိုတာကို ပြသနေပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာတွင် ကြောက်မက်ဖွယ် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ လူသားချင်းစာနာမှု အကူအညီများ အဟန့်အတားမဲ့ ဝင်ထွက်ရောက်ရှိနိုင်ခွင့်ပြုရန်၊ မြန်မာပြည်သူတို့၏ စစ်မှန်သော ဒီမိုကရေစီ လိုလားချက်ဆန္ဒများကို လေးစားရန် မြန်မာအာဏာသိမ်းစစ်အုပ်စုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မြန်မာအာဏာသိမ်းစစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမယ့် စည်းမျဉ်းတွေ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအောက်က လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာရပါလိမ့်မယ်” ဟု ယင်းတွင် ဖော်ပြသည်။

မြန်မာတွင် အာဏာသိမ်းစစ်အုပ်စု ကျူးလွန်ထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြစ်မှုများအတွက် စစ်အုပ်စုအနေဖြင့် တာဝန်ခံရစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြသည်။

US 'concerned' over airstrikes by Myanmar’s military on opposition gathering
https://www.aa.com.tr/en/americas/us-concerned-over-airstrikes-by-myanma...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly