ပဇီကြီးရွာမှ ရုပ်အလောင်းများ  မကောက်နိုင်ရန် စစ်ကောင်စီက  လေကြောင်းကင်းထောက်နေ၊ ရှာဖွေကယ်ဆယ်ရေးများ ရပ်နားထားရဟုဆို

By ဂျူချန်း (မဇ္ဈိမ)
12 April 2023
ပဇီကြီးရွာမှ ရုပ်အလောင်းများ  မကောက်နိုင်ရန် စစ်ကောင်စီက  လေကြောင်းကင်းထောက်နေ၊ ရှာဖွေကယ်ဆယ်ရေးများ ရပ်နားထားရဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်၌ စစ်ကောင်စီက Mi-35 ရဟတ်ယာဉ် နှစ်စင်း ဖြင့် လေကြောင်းမှ ကင်းထောက်နေ၍  ကယ်ဆယ်ရေး ဆက်လုပ်၍ မရကြောင်း မြေပြင်တွင် ရှိနေသူများက ပြောသည်။ 

“ဝဲပြီးတော့မှ ပစ်ခတ်မှုတော့မရှိဘူး။ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဘာမှလုပ်လို့မရဘူး။ အခုလက်ရှိထိ dead body တွေကလည်း အများကြီးပဲလေ။ အဲ့ဒါတွေကလည်း ဘာမှ သန့်ရှင်းရေးမလုပ်နိုင်သေးဘူး။ နောက်ထပ်လည်း အခု နမခ ဘက်က Mi-35 တက်တယ်ပြောလို့ ကျနော်တို့ အခု ပြန်ဆုတ်နေရတာ” ဟု မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရပြီး ပဇီကြီးကျေးရွာအနီးနားရှိ ကျေးရွာခြောက်ရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

“အခု လေကြောင်းကနေ တိုက်ခိုက်မယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ပို့မယ်လို့လည်း သတင်းရလို့ပါ။ လေယာဉ်တက်လာတယ်လို့ ပြောလို့ ကယ်ဆယ်ရေးတွေ မလုပ်နိုင်ဘူး။ ကယ်ဆယ်ရေးလုပ်တယ်ဆိုတာကလည်း သေဆုံးထားတဲ့ dead body တွေကို မြေမြှပ် သင်္ဂြိုလ် ချင်တာပေါ့နော်။ အဲ့ဒါမျိုးတွေ မလုပ်နိုင်ဘူး။ စစ်ရှောင်တွေကတော့ အများကြီးပဲ။ လက်ရှိ ပဇီကြီး၊ မဲဇတော်၊ ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီး၊ ရွာသာယာ အဲ့ဒီရွာတွေအားလုံးကတော့ စစ်ဘေးရှောင်နေရတယ်။ အကုန်ကျီးလန့်စာစားဖြစ်ပြီး ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရုပ် အလောင်း စုစုပေါင်း ၈၀ ကျော်အား သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သော်လည်း မြေပြင်တွင် တစ်စစီ ကျန်ရှိနေသေးသည့် အလောင်းများ ရှိနေသေးပြီး အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

မီးသင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်းများတွင် ၁၀နှစ်အောက် ကလေး ယောကျာ်းလေး ငါးဦးနှင့် မိန်းကလေး ခုနစ်ဦး ပါဝင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထားသည်။

“ကလေးလို့ယူဆရတဲ့ဟာတွေက ငါးနှစ်၊ ခြောက်နှစ်အရွယ်လေးတွေက ယောက်ျားလေး ငါးယောက်၊ မိန်းကလေး ခုနစ်ယောက်တွေ့တယ်။ မီးရှို့တဲ့ထဲမှာ အဲ့ဒီကလေးတွေ ပါသွားပြီ။ မအေတစ်ယောက်ပဲ ကျန်ခဲ့တာမျိုး၊ တစ်ချို့ သားသမီးနှစ်ယောက်ပဲ ကျန်ခဲ့တော့တာမျိုး အဲ့လိုမျိုးတွေ” ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူက ပြောသည်။
 
ယမန်နေ့ ဧပြီလ ၁၁ ရက်  နံနက် ၇နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီက ပဇီကြီးရွာကို  လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူအစုလိုက်၊ အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။

 ထိုတိုက်ခိုက်မှုကြောင့် ပဇီကြီး၊ မဲဇတော်၊ ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီး၊ ရွာသာယာ စသည့် ကျေးရွာ ခြောက်ရွာမှ ဒေသခံ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူအရေအတွက်သည် တိုးလာနိုင်သည်ဟုဆိုသည်။

ပစ်ခတ်မှုအပြီး ယမန်နေ့ နေ့လယ် ၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်ပြီး ညနေ ၅နာရီ ၃၅မိနစ်တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။ ဒုတိယအကြိမ်ပစ်ခတ်မှုတွင် အိမ်မွေးတိရိစ္ဆာန်အချို့သေဆုံးခဲ့သည်။ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင်လည်း လေကြောင်းဖြင့် ထပ်မံကင်းထောက်လျက်ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရသဖြင့် သေဆုံးမှုအရေအတွက် အတိအကျကိုမူ လက်ရှိအချိန်အထိ အတည်ပြု၍ မရနိုင်သေးကြောင်း သိရသည်။

စာတည်း - မောင်ကြီး
စာမူတည်းဖြတ်_အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required