မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များအား လုံခြုံရေးများစွာချပြီး ဆောက်လုပ်နေ

By 007 (မဇ္စျိမ)
11 April 2023
မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များအား လုံခြုံရေးများစွာချပြီး ဆောက်လုပ်နေ

ရန်ကုန်မြို့မှရေကစားမဏ္ဍပ်များအား ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်ခဲ့ ပြီးနောက် မန္တလေးမြို့ရှိ ရေကစားမဏ္ဍပ်များကို လုံခြုံရေးအစောင့်အရှောက်များစွာဖြင့် ဆောက်လုပ်နေ သည်ကို တွေ့ရသည်။

အထူးသဖြင့် ကျုံးဘေး ၂၆ လမ်းတစ်လျှောက်နှင့် ၆၆ လမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်များဆောက် လုပ်ရာတွင် မဏ္ဍပ်တစ်ခုလျှင် စစ်သား၊ ရဲနှင့် အရပ်ဝတ်လက်နက်ကိုင် ၁၀ ဦးခန့်လုံခြုံရေးချထားပြီး ၎င်းနေရာများသို့ ဧပြီလ ၇ ရက်နေ့မှစ၍ အများပြည်သူ ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း သိရသည်။

“၂၆ နဲ့ ၇၈ ထောင့်မီးပွိုင့်မှာ မုခ်ဦးကြီးဆောက်နေတာ ပြီးခါနီးနေပြီ။ စဆောက်ကတည်းက ၂၆ လမ်းကို ကား၊ ဆိုင်ကယ် ဝင်ခွင့်မပေးတော့ဘူး။ လမ်းလျှောက်သွားမယ်ဆိုလည်း ခွင့်မပြုတော့ဘူး။ နောက်ပြီး တော့ ၆၆ လမ်းမှာလည်း အဲဒီလိုပဲ သေနတ်ကြီးတကားကားနဲ့ မဏ္ဍပ်တွေဆောက်နေရတာ” ဟု မြို့ခံ တစ်ဦးကပြောသည်။

စစ်ကောင်စီ၏ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မန္တလေးသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရန် ပြီးခဲ့သည့်မတ်လတတိယပတ်မှစ၍ ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

မြို့အနှံ့ ရေကစားမဏ္ဍပ် ၃၀ ရှိမည်ဖြစ်ကြောင်း မန္တလေးနေ့စဉ်သတင်းစာတွင် ကနဦး သတင်းထုတ်ပြန် ခဲ့သော်လည်း နောက်ပိုင်းတွင် ၁၃ ခုသာရှိတော့ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် မီဒီယာများတွင် ဖော်ပြ သည်။

“မြို့ထဲမှာမရှိဘူး၊ ဟိုအရင်တုန်းက ကန်တော်ကြီးပတ်လမ်းမှာ သုံးခုလောက်ရှိတာ၊ ဒီနှစ်ဆောက်တာ မတွေ့ ရဘူး။ အနောက်ကျုံးမှာ မဏ္ဍပ်တစ်ခုမှမရှိဘူး။ အရင်က သုံးလေးခုရှိတယ်။ မြောက်ကျုံးမှာလည်း ထိုနည်းလည်းကောင်းပဲ” ဟု နောက်ထပ်မြို့ခံတစ်ဦးကလည်းပြောသည်။

မန္တလေးသင်္ကြန်တွင် ကျုံးတောင်ခြမ်း ၂၆ လမ်းတစ်လျှောက် မဏ္ဍပ်ခြောက်ခု၊ အရှေ့ဘက်ခြမ်း ၆၆ လမ်းတစ်လျှောက်တွင် လေးခု၊ သိပ္ပံလမ်းနှင့် ၇၈ လမ်းထောင့် ဆင်ဖြူကန်ကွင်းရှေ့တွင် တစ်ခု၊ ဈေးချို နာရီစင်အနီးတွင် တစ်ခုနှင့် မင်္ဂလာမန္တလေးအိမ်ရာ ၇၃ လမ်းပေါ်တွင်တစ်ခု စုစုပေါင်း ၁၃ ခုပါဝင်မည် ဖြစ် ကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေး

#သင်္ကြန်ပွဲတော်

#လုံခြုံရေးချ

#သင်္ကြန်မဏ္ဍပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly