ဖားကန့်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို စစ်ကောင်စီတပ်က ဖမ်းဆီး

By အဂမ် (မဇ္ဈိမ)
11 April 2023
ဖားကန့်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို စစ်ကောင်စီတပ်က ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုနဲ့နီးစပ်သူများက အတည်ပြုသည်။

ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်မှ မေတ္တာရှင်လူမှုကူ ညီရေးအသင်းဥက္ကဋ္ဌကို ဧပြီလ ၉ ရက်နေ့ ည ၉ နာ ရီအချိန်လောက်က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်တယ်လို့ ဆိုသည်။

မေတ္တာရှင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို မေးမြန်းစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူသတင်းရင်းမြစ်တစ်ဦးက ယခုလို ဆိုသည်။

“သူ့အိမ်မှာပဲ လာပြီးမှ မေးစရာရှိလို့ဆိုပြီးခေါ်သွားတာ။ မနေ့ညကတည်းက ခေါ်သွားပြီး အခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးမင်းအောင်ဆိုသူဖြစ်ပြီး၊ မှော်ဝမ်းရပ်ကွက်အတွင်း မိသားစုပိုင် "ယွန်း" အမည်ရှိ လက်ဖက်ရည်ဆိုင်ကို ဖွင့်လှစ်ထားသူလည်း ဖြစ်သည်။

သူ့ကို လာရောက် ဖမ်းဆီးခေါ်ဆောင်စဥ် အိမ်စီးကားဖြင့် အရပ်ဝတ်ထားသူ အချို့နှင့် ရဲဝတ်စုံဝတ်ဆင်ထားသူ အချို့ပါဝင်ပြီး လက်ရှိ ဖားကန့် ရဲအချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့ရှိ အရပ်သားပြည်သူများကို သံသယဖြင့် နေ့ ည မပြတ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေပြီး ၂၀၂၃ ခုနှစ် ဧပြီလ အထိ ဖမ်းဆီးခံရသူပေါင်း ၃၂၀ ကျော်အထိ ရှိလာပြီဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly