ကျင်ဒွေးမြို့တွင် စာသင်ကျောင်းအပါအဝင်လူနေအိမ် ၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

By ပါခွီး(မဇ္စျိမ)
10 April 2023
ကျင်ဒွေးမြို့တွင် စာသင်ကျောင်းအပါအဝင်လူနေအိမ် ၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့၊ ထန်းကုန်းရပ်ကွက်ရှိ စာသင်ကျောင်းဆောင် နှစ်ဆောင်နှင့် ကျောင်းဆရာနေအိမ်နှစ်လုံးအပါအဝင် အဆောက်အဦ  ၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဧပြီလ ၉ ရက်နေ့ကထုတ် ပြန်ထားသည်။

ကျင်ဒွေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ကျောင်းဆောင်နှင့် လူနေအိမ်များကို ဧပြီလ ၇ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“လတ်တလော အဲဒီနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ မီးရှို့တာအပြင် နွားနောက်တွေကိုလည်း သတ်သွား ကြတယ်” ဟု ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထန်းကုန်းရပ်ကွက်နေပြည်သူများသည်  တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ ရန်ကိုရှောင်ရန် စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ဒေသခံအများအနေဖြင့် ၎င်းတို့အိမ်များကို ရံဖန်ရံခါ သွားရောက်ကြည့်ရှုခြင်း၊ မွေးမြူထားသည့် နွား နောက်များကို ပြန်လည်ထိန်းသိမ်းခြင်းများ ပြုလုပ်ကြကြောင်း ဆိုသည်။

ယခုကဲ့သို့ ထန်းကုန်းရွာကို မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်မီကပင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ဘေးရှောင်နေ ရသော ပြည်သူများ၏  နွားနောက်များကို  ဖမ်းဆီးသတ်ဖြတ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ကျူးလွန်သူများထဲတွင် စစ်ကောင်စီတပ်သားများသာမက ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင် လျက်ရှိကြောင်း CDF – Kanpetlet ခေါင်းဆောင် တစ်ဦးက ပြောသည်။

ကျင်ဒွေးမြို့ခံ လူငယ်တစ်စုကို စစ်ကောင်စီတပ်ဖွဲ့က အုပ်ချုပ်ရေးမှူးနှင့်ပေါင်း၍ စစ်သင်တန်းတက်ခိုင်း ပြီး ပျူစောထီးအဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုမီးရှို့ခံရသော ထန်းကုန်းရပ်ကွက်တွင် အိမ်ခြေ ၁၅ အိမ်ခန့်ရှိပြီး လူဦးရေ ၉၀ ဝန်းကျင် နေထိုင်သော ရပ်ကွက်တစ်ခုဖြစ်ကြောင်း သိရသည်။

စာတည်း ။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required