STA မြို့ပြပြောက်ကျားအဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီးထားသည်ဟု စစ်ကောင်စီထုတ်ပြန်

By ဂန္ဓမာ(မဇ္ဈိမ)
10 April 2023
STA မြို့ပြပြောက်ကျားအဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီးထားသည်ဟု စစ်ကောင်စီထုတ်ပြန်

ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့ Special Task Angency Of Burma - STA မှ အဖွဲ့ဝင် နှစ်ဦးအား ဧပြီလ ၄ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီလက်အောက်ခံရုပ်သံလိုင်းမှ ယမန်နေ့က သတင်းထုတ်ပြန်သည်။ 

STA မြို့ပြပြောက်ကျားအဖွဲ့ဝင်အဖြစ် စွပ်စွဲဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုဇော်ထက်အောင်(ခ) ညီညီနှင့် ကိုရဲမင်းပိုင်(ခေါ်)ရဲရဲမင်း(ခေါ်)ဝင်းလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့အား လက်နက်ပစ္စည်းများနှင့်အတူ ကြည့်မြင် တိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏သတင်းထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ဦးစိုးသူရထွန်း အား STA အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်၊ ရန်ကုန်မြို့တွင်း သင်္ကြန်ကာလ၌ ဖောက်ခွဲဖျက်ဆီး ရေးလုပ်ငန်းများဆောင်ရွက်ရန် စေခိုင်းသူအဖြစ် စွပ်စွဲထားသည်။ 

ဖမ်းဆီးခံရသူများ၏ ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ STA ပြန်ကြားရေးဌာ၏ တာဝန်ရှိသူအား မဇ္ဈိမမှ ဆက်လက်မေးမြန်းကာ အတည်ပြုမှုရယူလျက်ရှိသည်။

STA မြို့ပြပြောက်ကျားအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား ယမန်နေ့ ဧပြီလ ၉ ရက်တွင်  ဖမ်းဆီးရမိကြောင်း နှင့်  ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်ကလည်း  STA မြို့ပြပြောက်ကျားအဖွဲ့ဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly