ဖလမ်း - ဟားခါးလမ်း တိုက်ပွဲဆက်လက်ဖြစ်ပွား၊  စစ်ကောင်စီတပ်  ကား ၂ စီး ဆုံးရှုံးပြီး ၂ ဦး သေ 

By ပါခွီး(မဇ္စျိမ)
09 April 2023
ဖလမ်း - ဟားခါးလမ်း တိုက်ပွဲဆက်လက်ဖြစ်ပွား၊  စစ်ကောင်စီတပ်  ကား ၂ စီး ဆုံးရှုံးပြီး ၂ ဦး သေ 

ချင်းပြည်နယ် ၊  ဖလမ်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းမှ ကုန်တင်ယာဉ်နှစ်စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းမိ၍ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဖွဲ့ (CNA) ထံက သိရသည်။

ယမန်နေ့ ဧပြီလ ၈ ရက်က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာအနီးတွင် ချင်းတပ်မတော် ထောင်ထားသည့် မိုင်း‌ေကြာင့် စစ်ကောင်စီတပ်မှ  နှစ်ဦးသေဆုံးကာ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

“စစ်ကောင်စီတပ်က အခု ငါးယောက်တစ်ဖွဲ့ အဖွဲ့ငယ်လေးတွေ ခွဲပြီးဖြန့်တက်လာတာ ။  ကျနော်တို့မိုင်းတွေ ယာဉ်တန်းကို မဖောက်ခွဲနိုင်ခင် သူတို့နဲ့တွေ့ပြီး ထိခိုက်သေဆုံးကြတာ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။

 ရှေ့နောက်ဝဲယာကို အဖွဲ့ငယ်များခွဲပြီး စစ်ကြောင်းယာဉ်တန်းကို ကာကွယ်၍ ချီတက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲခြင်း ၊ ဒရုန်းဖြင့် ဗုံးချခြင်းနှင့် လက်ဖြောင့်တပ်သားများက ချောင်းမြောင်းပစ်ခတ်ခြင်းများ အဆက်မပြတ်ပြုလုပ်နေသဖြင့် အထိအခိုက်များပြားနေကြောင်း ဆိုသည်။

ယမန်နေ့တိုက်ပွဲတွင် အဆိုပါယာဉ်တန်းကို ချင်းတပ်မတော်မှ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ခြောက်ဘီးကားတစ်စီးနှင့် ၁၂ဘီးကား တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

“ဆီတိုင်ကီတွေ ပျက်စီးသွားတဲ့အတွက် အဲဒီကားတွေဆက်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် နှစ်စီးထားခဲ့ရတယ်” ဟု ပြောခွင့်ရသူက ဆက်လက် ပြောဆိုသည်။

အဆိုပါ ကားနှစ်စီးပေါ်ရှိ ရိက္ခာနှင့် ကျည်များကို အခြားကားများ‌ေပါ်သို့ ရွှေ့ပြောင်းသယ်ယူပြီးနောက်  ထိုကားနှစ်စီးကို စွန့်လွှတ်ခဲ့၍  CNAက  သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ထိခိုက်သေဆုံးမှုများပြားနေပြီး ဧပြီလ ၆ရက်နေ့က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာရှိ လူနေအိမ် ၁၈လုံးကို မီးရှို့ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ထိုစစ်ကောင်စီတပ်သည်  ယနေ့ ဧပြီလ ၉ရက်တွင်  ဖလမ်းမြို့နယ်အစပ်ကို ကျော်လွန်၍ ဟားခါးမြို့နယ် ဒေါက်ထက် ကျေးရွာသို့ ရောက်ရှိနေပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဆလိုင်းထက်နီ က ဆက်ပြောသည်။

ဟားခါးမြို့ရှိ စစ်ကောင်စီတပ်မှလည်း ၁၂၂ မမ လက်နက်ကြီးများ ဖြစ် ပစ်ကူပေးလျက် ရှိနေကြောင်းဆိုသည်။

 ကလေးမြို့မှ မတ်လ ၉ရက်နေ့က ထွက်ခွာလာသည့် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ကျော်ရှိသည့် ထိုစစ်ကောင်စီတပ်သည် မတ်လ ၁၉ရက်နေ့တွင် ဖလမ်းမြို့သို့ရောက်ရှိခဲ့ပြီး မတ်လ ၂၁ရက်နေ့တွင် ဖလမ်းမြို့မှ ဆက်လက်ထွက်ခွာ လာရာ ဧပြီလ ၉ရက်တွင် ဒေါက်ထက်ကျေးရွာ (ဟာခါးမြို့နယ် နယ်နမိတ်) သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယခု စစ်ကောင်စီတပ် ရောက်ရှိနေသည့် ဒေါက်ထက်နှင့် ဟားခါးမြို့သည် ၁၇မိုင်ကျော်အကွာအဝေး ရှိပြီး ယင်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း CNA တပ်ဖွဲ့ ထံမှ သိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly