တပ်မ(၁၀၁) မှ ဒုအရာခံဗိုလ်ကို  ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ ဖမ်းဆီး

By ကိုခင်မောင်(မဇ္ဈိမ)
08 April 2023
တပ်မ(၁၀၁) မှ ဒုအရာခံဗိုလ်ကို  ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ ဖမ်းဆီး

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်ဖွဲ့၊တပ်မ (၁၀၁)မှ ဒုအရာခံဗိုလ်တစ်ဦးသည်  အရပ်ဝတ်ဖြင့် ကင်းပတ်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးမဟာ မိတ်အဖွဲ့က  ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်မြလွင်ကို Yesagyo Revolution Group (YRG) နှင့် ဒေါင်းညီနောင်(PDF) တို့ပူးပေါင်းကာ ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
 
ဒုအရာခံဗိုလ်မြလွင်သည် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များရှိသည့်နေရာသို့ အရပ်ဝတ်ဖြင့် လာရောက်ပြီး သတင်းစုံစမ်းထောက်လှမ်းစဉ် ဖမ်းဆီးလိုက်ခြင်းဟုYesagyo Revolution Group (YRG)မှ ကိုရေခဲ ပြောသည်။

 “သူက ကင်းပတ်လာတာဗျ။အဲဒီနေ့ ညနေ၆ နာရီလောက်မှာ ကျနော်တို့နှစ်ဖွဲ့ပေါင်းညှပ်ဖမ်းလိုက်တာ။ ကျနော်တို့ဘက်ကိုကင်းလာပတ်တာပါ"ဟု ပြောသည်။

ဒုအရာခံဗိုလ်မြလွင်စီးလာသည့်ဆိုင်ကယ်တစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  သိမ်းဆည်းလိုက်ကြောင်း သိရသည်။

" သူ့ကို ကောင်းကောင်းမွန်မွန်ပဲထားထားပါတယ်ဗျ။ သူနဲ့အတူတော့ဘာမှ မပါပါဘူးဗျ။ ဆိုင်ကယ်တစ်စီးပဲပါတယ်” ဟု  ကိုရေခဲကပြောသည်။

ဒုအရာခံဗိုလ်မြလွင်သည် ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အသက် ၆၀ခန့်ရှိပြီဟု  သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required