လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

By ဂျူချန်း(မဇ္ဈိမ)
08 April 2023
လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
ဓါတ်ပုံ-PSLF/TNLA သတင်းနှင့်ပြန်ကြားရေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ နေရာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်သုံးစီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားရာ အရပ်သား မိန်းကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမှ သိရသည်။

“ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်၊ နောက် ကလေးမိန်းကလေးတစ်ယောက်ဒဏ်ရာ ရတယ်။ ဒဏ်ရာကတော့မစိုးရိမ်ရဘူး။ သုံးယောက် ဒဏ်ရာ ရတယ်။​ အိမ်တွေဘာတွေ နည်းနည်းထိခိုက်တယ်။ ဒီတလောမှာ (တိုက်ပွဲ)မဖြစ်ဘူး။ ဖြစ်တာကလည်း နောင်ချိုနားမှာ ဖြစ်တာ။ အဲ့ဒီနားက တကယ်တမ်းကျတော့ တိုက်ပွဲဧရိယာနဲ့ အဝေးကြီးပဲ” ဟု ဒေသခံတစ်ဦး ကမဇ္ဈိမ ကိုပြောသည်။

အဆိုပါ ဒေသသည် တအာင်းတပ်မတော် TNLA ၏ တပ်မဟာ( ၄ )စစ်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၇ ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်တွင် တိုက်လေယာဉ်သုံးစီးဖြင့် ၁၀မိနစ်ခန့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် နားမခေါ်ကျေးရွာနေ စိုင်းခမ်းမွန်းတွင် ဗိုက်နှင့် ပေါင်တွင်လည်းကောင်း၊ နန်းငင်းအောင်တွင် ဒူး၌လည်းကောင်း၊ သူတို့၏ သမီးဖြစ်သူ နန်းအေးကြင်တွင် မျက်ခုံး၌လည်းကောင်း အသီးသီး ထိမှန်ဒဏ်ရာရခဲ့သည့်အပြင် နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရသူ သုံးဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်ကြီးများနှင့် လေကြောင်းသုံး တိုက်ခိုက်ခဲ့သဖြင့် ပြန်းဝိုးကြီးကျေးရွာရှိ နေအိမ်နှစ်လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly