ကနီမြို့နယ် အနီးကပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

By MTO (မဇ္ဈိမ)
07 April 2023
ကနီမြို့နယ် အနီးကပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် အလယ်ကျွန်းရွာတွင် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးသွားကြောင်း Anti-Dictatorship Revolution Army DRPA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ တိုက်ပွဲက တစ်နာရီခွဲဝန်းကျင်လောက်ကြာတယ်၊ အပြန်အလှန် ပစ်ခတ်ရင်းနဲ့ စစ်ကောင်စီတပ်ဘက်က သုံးယောက်ကျတယ်၊ သယ်ထုတ်သွားတာတွေ မြင်လိုက်ရတယ်၊ အဲ့ဘက်မှာရှိတဲ့ ကျနော်တို့ လူကလည်း အတည်ပြုပေးထားတယ်” ဟု ပြောသည်။

အလယ်ကျွန်းပျူရွာနှင့် DRPA တပ်စခန်းအကြား မိုင်းကွင်းများဖော်ဆောင်ထားပြီး စစ်ကောင်စီတပ်များသည် မိုင်းကွင်းကို ဖြတ်သန်းစစ်ကြောင်းထိုးနိုင်ရန် မိုင်းကွင်းအတွင်းသို့ နွားများစေလွှတ်ခဲ့ရာ နွားသုံးကောင်သေဆုံးသွားပြီး ကျွံထွက်လာသည့် နွားလေးကောင်ကိုတော့ သိမ်းယူထား လိုက်ကြောင်း DRPA အဖွဲ့ ကတာဝန်ရှိသူက ပြောသည်။

“ စစ်ကြောင်းထိုးဖို့လာတာ မိုင်းကွင်းရှိမှန်းသိတော့ နွားတွေကို အရင်ဖြတ်ခိုင်းတာ နွား ၁၆ ကောင်ကို အရင်ဖြတ်ခိုင်းတာ နွာလေးကောင်က ဒီဘက်ကိုကျော်လာလို့ သိမ်းထားလိုက်တယ် နွား သုံးကောင်ကတော့ မိုင်းကွင်းဖြတ်ရင်းနဲ့ မိုင်းပေါက်ပြီးသေသွားတယ်၊ မိုင်းပေါက်တဲ့အချိန်မှာပဲ တိုက်ပွဲစဖြစ်တာပဲ “ ဟုပြောသည်။

စစ်ကောင်စီတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကာကွယ်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ညှပ် ယမ်းပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း DRPA က တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း ကနီမြို့နယ် အနောက်ဖက်ခြမ်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦးသေဆုံးသွားကြောင်း DRPA က ထုတ်ပြန်ကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကနီမြို့နယ်

#အနီးကပ်တိုက်ပွဲ

#စစ်ကောင်စီတပ်ဖွဲ့

#DRPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly