ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၍ ၂ ဦးဒဏ်ရာရရှိ

By MTO (မဇ္ဈိမ)
07 April 2023
ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၍ ၂ ဦးဒဏ်ရာရရှိ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၄) ဖောင်တော်ဦး ရပ်ကွက်တွင် တပ်စွဲထားသည့် ငြိမ်းဇာနည်တပ်စခန်းအား ဧပြီလ ၆ ရက် ညပိုင်းတွင် ပြောက်ကျားနည်းစနစ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Myingyan Black Tiger- MBT အဖွဲ့မှ ဗိုလ်မိုက်ခဲ က ပြောသည်။

“ည ၇နာရီလောက်က သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ဆိုင်ကယ်နဲ့ပဲ သွားရောက် တိုက်ခိုက်ခဲ့တာမှာ သူတို့အလစ်အငိုက်မိသွားတာ “ ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည် ငြိမ်းဇာနည်တပ်စခန်းတွင် ပုံမှန်အားဖြင့် အင်အား ၁၂ ဦးသာ ရှိပြီး ယခုနောက်ပိုင်းတွင် အင်အားဖြည့်တင်းထားရာ အင်အား ၅၀ ကျော် ခန့်ရှိကြောင်း MBT အဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့နယ်အတွင်း ဖြန့်ကျက်ထားသည့် အင်အားများကို ပြန်လည်စုဖွဲ့ထားကြောင်း ဗိုလ်မိုက်ခဲကဆိုသည်။

“အရင်က ကပ်ကျော်ကျောင်းထဲမှာ တပ်စွဲထားတာကနေ ပြန်ဆုတ်ပြီးတော့ ငြိမ်းဇာနည်နဲ့ ရုံးပေါင်းစုံကို ပြန်ပေါင်းထားတယ်။ ပြောရမယ်ဆိုရင် အင်အားကို အခြားမြို့နယ်တွေကနေ ဖြည့်တာ မရှိဘဲ အင်အားကို ပြန်ပြီး ကျစ်ကျစ်လျစ်လျစ် စုထားတဲ့ပုံစံမျိုးတော့ရှိတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း ရေစကြိုမြို့နယ်အတွင်းရှိ မအူရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စခန်းမှူး အပါအဝင် ခုနစ်ဦးသေဆုံးသွားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#Mizzima

#ရေစကြိုမြို့နယ်

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly