စဉ့်ကူးမှာ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 

By MTO (မဇ္စျိမ)
07 April 2023
စဉ့်ကူးမှာ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 

မန္တလေးတိုင်း စဉ့်ကူမြို့နယ် လက်ပံလှကျေးရွာ ပင်လည်ကြီးဂိတ်မှ နွယ်ရုံ ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ ယာဉ် သုံးစီးပါယာဉ်တန်းကို ဧပြီလ ၆ ရက်နေ့တွင်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း Bo Lin Yone အဖွဲ့ မှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများကို တင်ဆောင်မောင်းနှင်လာသည့် ၁၀ ဘီးကား သုံးစီးအနက် တစ်စီးအား ကံပျိုကျေးရွာနှင့် ပျဉ်းပင်ကျေးရွာအကြားတွင်  ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Bo Linn Yone အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုအခြေအနေကတော့ အတည်ပြုနေတုန်းပါ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီးနောက် နွယ်ရုံရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ခံလိုက်ရသည့် နေရာသို့ ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Bo Linn Yone  အဖွဲ့ ကတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Bo Linn Yone အဖွဲ့ သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း ကချင်ပြည်နယ်ဘက်မှ မန္တလေးသို့ ကျောက်စိမ်းများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ငါးဦးသေဆုံးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required