ခေတ်ပျက်ကြီးမှာ လက်ခမောင်းခတ်နေတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့  နေသားကျလာတဲ့ ပြည်သူများ

By ကီရာ (မဇ္ဈိမ)
07 April 2023
ခေတ်ပျက်ကြီးမှာ လက်ခမောင်းခတ်နေတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့  နေသားကျလာတဲ့ ပြည်သူများ

“၂၄နာရီပြည့်တာနဲ့အရင်းကော အမြတ်ကော ပြန်ထုတ်လို့ရတယ်။ ကလစ်လုပ်ရုံနဲ့ ပိုက်ဆံတွေဝင်နေပြီး ကံစမ်းမဲတွေလည်းရှိတယ်။ လူမရှာတတ်ဘူးဆိုတဲ့သူတွေအနေနဲ့လည်း လူမရှာဘဲ ငွေသွင်းထားရုံ အိမ်မှာထိုင်နေရုံနဲ့ ငွေတွေအလကားနေရင်း ဝင်နေမှာနော်။ ပေးထားတဲ့အတိုးကများလို့ လက်ဖက်ရည်ဖိုးလောက် လုပ်ချင်ရင်တော့ စမ်းကြည့်ကြပါ” ဆိုသည့်စာသားသည် အွန်လိုင်းရင်းနှီးမြှုပ်နှံမှုငွေရှာဂရုဟု အမည်ပေးထားသောဂရုတစ်ခုမှ ပိုစ့်ဖြစ်သည်။

အဆိုပါပိုစ့်ကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်က Exxon Film Inverstment ဟူသော အွန်လိုင်းအက်ပလီကေးရှင်းမှ လူ ၃၀,၀၀၀ ကျော်၏ ငွေသိန်းပေါင်းများစွာ အလိမ်ခံရထားသည့်လူများစုဝေးရာ ဂရုတစ်ခုထဲတွင် စိုင်းနေအောင် ဆိုသောအကောင့်ပိုင်ရှင်မှ လာရောက်တင်ထားခဲ့သည်ကို တွေ့ရခြင်းဖြစ်သည်။

ယခုလိုပုံစံတူ ဂရုများထဲသို့ မမျှော်လင့်ဘဲရောက်ရှိရာမှ ၎င်းတို့ရေးသားထားသော မက်လုံးများနှင့် အကြောင်းအရာများကြောင့် ငွေများထည့်သွင်းမိပြီး ငွေအလိမ်ခံရမှုများ ဖြစ်ပေါ်ခဲ့သည်ဟုသိရှိရပြီး အဆိုပါလူများထဲတွင် ကိုဝင်းဇော်လွင် သည်လည်းတစ်ဦး အပါအဝင်ဖြစ်သည်။

‘’ဘယ်သူက အဲဂရုထဲ ထည့်လိုက်လဲမသိပါဘူး၊ အဲ့ဂရုထဲရောက်နေတာကနေ စာတွေလိုက်ဖတ်ကြည့် လေ့လာကြည့်ရင်းနဲ့ အဲ့ကအဖွဲ့ခေါင်းဆောင်ထင်ပါတယ်။ အပြောအဆိုတွေ အရေးအသားတွေ ကောင်းတဲ့သူတစ်ယောက်ကို ချိတ်ဆက်ရင်းလေ့လာကြည့်ချင်တယ်လို့ပြောရင်းနဲ့ အဲ့မှာပါဝင်ဖြစ်သွားတာပါ’’ ဟု ကိုဝင်းဇော်လွင်က Exxon Film Inverstment ငွေအလိမ်ခံရသည့်ဖြစ်စဉ်တွင် မမျှော်လင့်ဘဲ ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြသည်။

သို့သော် ကိုဝင်းဇော်လွင်အတွက် အွန်လိုင်းအက်ပလီကေးရှင်းမှ ငွေအလိမ်ခံရခြင်းသည် ယခုဖြစ်စဉ်က ပထမဆုံးမဟုတ်ပေ။ ကိုဝင်းဇော်လွင်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်စတင်ပေါ်ပေါက်လာသည့် JOOM အက်ပလီကေးရှင်းတွင် ပထမဆုံး ပါဝင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းကြောင့် ငွေနှစ်သိန်းကျော် ဆုံးရှုံးနစ်နာခဲ့ရာမှ ယခု Exxon Film တွင် ဆက်လက်ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံး အလိမ်ခံခဲ့ရသည့် အတွေ့အကြုံမှ ရရှိခဲ့သည့် သင်ခန်းစာများကြောင့် ယခု အက်ပလီကေးရှင်းသည်လည်း လိမ်လည်မည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ကြောင်း  သံသယရှိခဲ့သော်လည်း ယင်းအက်ပလီကေးရှင်းများသည် သတ်မှတ်ချိန်တစ်ခုအတွင်းသာ လှုပ်ရှားလေ့ရှိသည်ကို  ခန့်မှန်းမိသောကြောင့် ပါဝင်ဖြစ်ခဲ့သည်ဟု ကိုဝင်းဇော်လွင်ကပြောသည်။ သတ်မှတ်ချိန်အတွင်း ရင်းနှီးငွေမြန်မြန်ထည့်ပြီး အချိန်မီပြန်ထုတ်နိုင်လျှင် အကျိုးရှိနိုင်သည်ဟု ကိုဝင်းဇော်လွင်က ယူဆသည်။

“ဘယ်လိုအလိမ်အညာမျိုးဖြစ်မလဲဆိုပြီးအချိန်ပေးရင်းလေ့လာကြည့်ရင်းနဲ့ နည်းနည်းလေးအချိန်ကြာမယ်ထင်ခဲ့တာ။ ဒီဆိုဒ်တွေရဲ့သဘောသဘာဝကတော့ အချိန်တန်ရင် ရိုက်စားဖြစ်ဖြစ်သွားကြတာများတယ်လေ။ အဲ့ဒီအတွက်ရိုက်စားဖြစ်မှာပဲဆိုတာကတော့ သိတယ်၊ သိပေမယ့် တော်တော်နဲ့မဖြစ်လောက်သေးဘူးဆိုတဲ့ ယုံကြည်မှုအတိုင်းအတာလေးတွေကိုသူတို့က ချပြထားတာတော်တော်လေးများတယ်။ အလှူအတန်းလုပ်တာတွေပြထားတာတို့ ကုမ္ပဏီကို For Show လုပ်ထားတာတို့ ပြီးတော့ ဆယ်လီတွေက ကြော်ငြာပေးတာတွေကြောင့်လည်း ကြာမယ်ထင်ခဲ့လို့ အဲ့ဒါကို လုပ်ဖြစ်သွားတာပါ”ဟု ၎င်းပါဝင်ဖြစ်ခဲ့ပုံကို ရှင်းပြသည်။

အဆိုပါ Exxon Filmသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီတွင် ရပ်ဆိုင်းခဲ့သည့်အတွက် အချိန်ကာလ လေးလခန့်အထိသာ ဟန်ပြရပ်တည်နိုင်ခဲ့သည်။သို့သော် လေးလအတွင်း ကုမ္ပဏီတရားဝင်လုပ်ငန်းလိုင်စင်ဖြင့် မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ ၃ ရက်တွင် လုပ်ဆောင်ခဲ့ပြီး ၊၎င်းတို့၏ ရုံးခန်းကိုလည်း လှိုင်သာယာမြို့နယ် KTA-6-FMIအိမ်ရာတွင် ဖွင့်လှစ်ခြင်းနှင့် အွန်လိုင်းဆယ်လီ ဖူးပွင့်ခိုင်၊ လမင်းကဗျာ၊ မှူးသခင်နှင့် လုလင်ပျိုတို့ဖြင့် ကြော်ငြာခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အလှူအတန်းလုပ်ပြခြင်းများ၊ ကုမ္ပဏီ မိတ်ဆုံစားပွဲများနှင့် အဖွဲ့ဝင်များ တွေ့ဆုံခြင်းများကိုလည်း လုပ်ဆောင်ပြခဲ့သည်။ ယင်းအချက်များကြောင့် အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်သည်ဟု ကိုဝင်းဇော်လွင်က ခန့်မှန်းခဲ့ပြီး ယင်းတို့ အက်ပလီကေးရှင်းတွင် ရင်းနှီးငွေမြန်မြန်ထည့်သွင်းပြီး ငွေမြန်မြန်ပြန်ထုတ်ပါက အမြတ်ပြန်ရနိုင်သည်ဟု သူက ပြောပါသည်။

အွန်လိုင်း အက်ပလီကေးရှင်း ငွေလိမ်နည်း

အဆိုပါ အက်ပလီကေးရှင်း၏ လုပ်ဆောင်ပုံသည် အဖွဲ့ဝင်များကို နာမည်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ခွဲခြားထားသည်ကိုတွေ့ရသည်။ Newbie Zone ၏လုပ်ဆောင်ပုံမှာ မိမိလက်အောက်တွင် တခြားအဖွဲ့ဝင်ထပ်မံရှာစရာမလိုအပ်ဘဲ မြန်မာငွေကျပ် ၄၀,၀၀၀ သွင်းရုံဖြင့် မည်သည့်အရာမှလုပ်ဆောင်ရန်မလိုအပ်ဘဲ ၁ ဒသမ ၈ ရာခိုင်နှုန်း နှင့် တစ်နေ့ဝင်ငွေ ၅၀၀ ရရှိမည်ဟု ကြော်ငြာထုတ်သည်။၅၀,၀၀၀ သွင်းပါက ၁ ဒသမ ၈ရာခိုင်နှုန်း နှင့် တစ်နေ့ဝင်ငွေ ၉၀၀ ရရှိမည်ဟုဆိုသည်။ ထို့အပြင် ရေတိုအဖွဲ့ဝင်နှင့် ရေရှည်အဖွဲ့ဝင်ဟုလည်း ခွဲခြားထားပြီး ဇုန် (၁) ၊(၂)၊ (၃) ဟူ၍လည်း ခွဲထားသည်။ဇုန်အလိုက် ငွေထည့်သွင်းပြီး ငွေပြန်လည်ထုတ်ယူရန် စောင့်ရမည့်ရက်များလည်း မတူညီဘဲ ရရှိသည့် ရာခိုင်နှုန်းများကိုလည်း ခွဲခြားထားပြန်သည်။

သို့သော်ငွေပိုမိုရရှိရန် လူအသစ်များ ထပ်မံရှာဖွေရမည့်အချက်ကို အဓိကထည့်သွင်းထားပြီး လူသစ်ရှာနိုင်သည်နှင့် အဆင့် ရာထူးတက်ပြီး ရရှိသည့် ရာခိုင်နှုန်းများကိုလည်း ထပ်မံတိုးမြှင့်ပေးထားသည်ကို တွေ့ရသည်။ ငွေပြန်ထုတ်ယူရန် တစ်ပတ် ၊ တစ်လ စသည်ဖြင့် အချိန်အမျိုးမျိုးကို ၎င်းတို့မှ သတ်မှတ်ထားသော်လည်း ငွေပြန်ထုတ်ယူပြီး အဆင့်များ ဆက်လက်တက်နေရန် ငွေပြန်ထည့်သွင်းရသည့်အချက်ကိုလည်း သတ်မှတ်ထားပြန်သည်။

ကိုဝင်းဇော်လွင်သည်လည်း သူ၏အသိမိတ်ဆွေများကို ငွေမြန်မြန်ထည့်သွင်းပြီး ငွေမြန်မြန်ပြန်ထုတ်ရန် ပြောပြခဲ့ပြီး ၎င်း၏လက်အောက်မှ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးခဲ့သည်ဟု ပြောသည်။
“ကိုယ်ကနေပြီး တခြားမိတ်ဆွေလေးတွေကို ထမင်းအိုးတည်ပေးတဲ့အနေနဲ့ ဒီထဲငွေဝင်ဖို့ ပြောပေးခဲ့တာတွေ ရှိတယ်။ ပိုက်ဆံမရှိရင် ငါခဏစိုက်ပေးမယ်ပေါ့။ မြန်မြန်ဆန်ဆန်ငွေထည့် မြန်မြန်ဆန်ဆန်ပြန်ထွက်ပေ့ါ အမြတ်ရပြီဆိုရင်ကိုယ့်အမြတ်လေးယူထား မြန်မြန်ထွက်လိုက်ဆိုတဲ့သဘောနဲ့ လုပ်ထားပေးတာတွေက နှစ်ယောက် သုံးယောက်လောက်ရှိတယ်။ တကယ်လို့ သူတို့က ကြာဦးမယ် နည်းနည်းအချိန်ဆွဲပြီးတော့သွားနိုင်မယ့် အနေအထားမျိုးလေးတွေလည်းပြင်ဆင်ထားတဲ့အတွက်ကြောင့် ကြာဦးမယ်ဆိုရင်တော့ အမြတ်ရနိုင်တဲ့အနေအထားပါ။ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘဲ ကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ်ပြောပြပေးခဲ့တဲ့ လူတွေကော ရနိုင်တဲ့အတွက် ထည့်ပေးလိုက်တာပါ”ဟု ပြောသည်။

သူ့အနေဖြင့် JOOM တွင်ရရှိခဲ့သည့် သင်ခန်းစာကြောင့် ယခုတစ်ကြိမ်တွင်  ငွေအမြန်ထည့်သွင်းပြီးငွေ အမြန်ပြန်ထုတ်သည့်အတွက်ကြောင့် ငွေအရှုံးမရှိခဲ့ကြောင်း ပြောပြသည်။
သို့သော် ၎င်း၏မိတ်ဆက်ပေးမှုကြောင့် ရောက်ရှိလာသူများနှင့် ကိုဝင်းဇော်လွင်ကဲ့သို့ အဖွဲ့ဝင်များ၏ မိတ်ဆက်ပေးမှု ၊ လူရှာဖွေစုဆောင်းပေးရာတွင် ပါဝင်ခဲ့သူများသည် ငွေအမြန်ပြန်လည်ထုတ်ယူနိုင်ခြင်းမရှိဘဲ ငွေဆုံးရှုံး နစ်နာခဲ့ရသည်။

မသဲသဲ(အမည်လွှဲ)သည်လည်း Facebook မှတစ်ဆင့် လာမိတ်ဆက်သည့် Bhone Htet Myat အကောင့်ပိုင်ရှင်နှင့် စကားပြောမိရာမှ Exxon Film တွင် ငွေထည့်ဝင်ဖြစ်ခဲ့ပြီး ငွေကျပ် ၂၇သိန်း ဆုံးရှုံးခဲ့ရသူဖြစ်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ညီမတို့ဘက်မှာက အလုပ်တွေက ခက်ခဲတယ်၊ အလုပ်မရှိကြဘူးပေါ့။ အဲ့မှာသူက ကူညီပေးတဲ့သူလိုလို ဘာလိုလိုပေါ့”ဟု Facebook မှတစ်ဆင့် လာမိတ်ဆက်သည့် Bhone Htet Myat နှင့်စတင်တွေ့ခဲ့သည့်ပုံစံကို မသဲသဲက ပြန်လည်ပြောပြသည်။

အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်လာသည်ကို ယုံကြည်ခြင်းကြောင့် ငွေထည့်သွင်းဖြစ်ခဲ့ခြင်းမဟုတ်ဘဲ Exxon Filmမှ ပြသထားသည့် အချက်အလက်များ ၊ ဆယ်လီများ၏ ကြော်ငြာများနှင့် အစပိုင်းတွင် ငွေအမှန်တကယ် ထုတ်လို့ရခဲ့သည့်အတွက် ယုံကြည်မိခဲ့သည်ဟု ပြောသည်။

“ညီမတို့တွေကလည်း ဒီလောက်ထိ မျက်စိစုံမှိတ်ပြီး ကိုယ့်ကိုလာမိတ်ဆက်တာနဲ့ ရော့အင့်ဆိုပြီး ရင်းတဲ့သူတွေထဲမှာမပါပါဘူး။ သူတို့က အလှူလုပ်တာဆိုရင် သူတို့ သိန်း၄၀ကုန်တယ်ဆိုတာနဲ့ ဆယ်လီတွေကလည်း နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပေါ့ ကြော်ငြာခရတဲ့ ငွေပမာဏလေးနဲ့ သူတို့နာမည်အပျက်ခံပြီး မကြော်ငြာပါဘူးလို့လဲ ပြောတယ်။ ပြီးတော့ လုပ်ငန်းတရားဝင်လိုင်စင်ကော ပြပေးတာနဲ့ ရုံးခန်းလည်းရှိတယ်။ အဲ့မှာလည်း သွားပြီး လေ့လာကြည့်လို့ရတယ်ပေါ့။ အဲ့လိုအချက်တွေကြောင့် အမှန်တကယ်ပါလို့ ယုံကြည်မိပြီး အစမှာတော့ ငွေလည်းတကယ်ထုတ်လို့ရတာဆိုတော့ ပိုပြီးစိတ်ချမိတယ်”ဟု မသဲသဲက ပြောသည်။

မသဲသဲသည် အစပိုင်းအနေအထားတွင် ငွေထုတ်ရခဲ့သည့်အတွက် ပိုမိုစိတ်ချယုံကြည်မိပြီး အဆင့်ရာထူးတက်ရန်အတွက် ငွေများမထုတ်ယူတော့ဘဲ အကောင့်ထဲတွင် ဆက်လက်သိမ်းထားခဲ့ပြီး တခြားသူများဆီကပါ ငွေများချေးယူ၍ ထပ်မံ ငွေထည့်သွင်းခဲ့သည်။ ဆယ်လီများက ကြော်ငြာပေးမှုများကြောင့် သူမအပြင် သူမနှင့် ဆက်စပ်သူများသည်လည်း ပိုမိုယုံကြည်ပြီး ပါဝင်ဖြစ်ခဲ့သည်ဟုလည်း မသဲသဲက ပြောသည်။

ဆယ်လီဖူးပွင့်ခိုင်ကတော့ Exxon Filmမှ မဟုတ်တာတွေ လုပ်နေသည်ကို သိရှိခဲ့သည့်အတွက် သူမအနေဖြင့် ကုမ္ပဏီနှင့် ပြဿနာတက်ခဲ့ပြီး နောက်ထပ် ကြော်ငြာရန် ထပ်လာမငှားဖို့ ပြောဆိုခဲ့ကြောင်းနှင့် ကြော်ငြာခ ရရှိငွေ သိန်း၂၀ကိုလည်း SIV AIDS မိဘမဲ့ဂေဟာတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကိုယ်တိုင် သုံးစွဲမှု မပြုခဲ့ကြောင်း ၂၀၂၃ မတ်၁၉ရက်က ၎င်းလူမှုကွန်ရက်တွင် Exxon Filmနှင့် ပတ်သက်၍ ရေးသားခဲ့သည်ကို တွေ့ရသည်။

သို့သော် Exxon Film လိမ်လည်မှုပြုလုပ်ပြီး ရက်၂၀ကျော်မှ အဆိုပါစာကိုရေးသားခဲ့ခြင်းဖြစ်ပြီး ရေးသားပြီး အချိန်ပိုင်းအတွင်း အဆိုပါရေးသားမှုကိုလည်း ပြန်လည်ဖျက်သွားခဲ့သည်။

ဆယ်လီ လမင်းကဗျာသည်လည်း ၂၀၂၂ခုနှစ်ဒီဇင်ဘာ၂၃တွင် Exxon Film ကြော်ငြာကို ၎င်းအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့ပြီး လိမ်လည်မှုများဖြစ်ပွားပြီးချိန်တွင် အဆိုပါကြော်ငြာကို ပြန်ဖြုတ်ထားခဲ့သည်ကိုတွေ့ရသည်။  လမင်းကဗျာကို Exxon Film ကြော်ငြာကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပထမတကြိမ်တွင် မအားသေးကြောင်း ပြော၍ ဒုတိယအကြိမ် ဆက်သွယ်ရာတွင် ဖြေကြားမှု မလုပ်နိုင်ကြောင်း ပြောသည်။

အွန်လိုင်းအက်ပလီကေးရှင်း ကြော်ငြာပေးသူတွေကို အရေးယူနိုင်သလား

အဆိုပါ အွန်လိုင်းအက်ပလီကေးရှင်းကိုကြော်ငြာပေးသူများသည်လည်း ဆက်သွယ်ရေးဥပဒေနဲ့ ငြိစွန်းနေပြီး နစ်နာသူများအနေဖြင့် သက်သေအချက်အလက်များဖြင့် တိုင်ချက်ဖွင့်နိုင်သည်ဟု အထက်တန်း ရှေ့နေတစ်ဦးက ဆိုသည်။

“သူတို့ကလည်း ကြော်ငြာတဲ့အနေနဲ့ပါဝင်ထားတာမို့ ဆက်သွယ်ရေးဥပဒေနဲ့ ငြိနေပါတယ်။ လိမ်တာကိုသိခဲ့တယ်၊ မသိဘူးဆိုတာကတော့ တရားရုံးမှာပဲ ဖြေရှင်းရမှာပါ။ သူတို့ပါဝင်ကြော်ငြာထားတဲ့အချက်အလက်တွေကို ပြသပြီး တိုင်ချက်ဖွင့်လို့ရပါတယ်”ဟု Exxon Filmတွင် ပါဝင်ကြော်ငြာပေးသူများနှင့် ပတ်သက်၍ အထက်တန်းရှေ့နေက ယခုလိုပြောပြသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၆) (ဂ) တွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊အလွဲသုံးစား ပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်းများ ဟု ဖော်ပြထားပြီး အဆိုပါပုဒ်မအတွက် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ငွေဒဏ်နှင့်ထောင်ဒဏ်နှစ်ခုလုံးဖြစ်စေချမှတ်နိုင်သည်ဟုဖော်ပြထားသည်။

ထို့အပြင် ရုပ်ရှင်ပိုင်းမှ လူများကို အသုံးချ၍ ကြော်ငြာများ လုပ်ဆောင်လာခြင်းကို ယခုနှစ်ပိုင်းမှ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆင့်ပွားစေ◌ျးကွက်ဖြန့်ချိရေးလုပ်ငန်း MLM စနစ်ကို ဆန့်ကျင်တိုက်ဖျက်သူတစ်ဦးဖြစ်သည့် ကိုဇင်ဇေလွင်က သုံးသပ်သည်။

“ရုပ်ရှင်ပိုင်းက လူတွေ ထုတ်သုံးတာက ဒီနှစ်ပိုင်းမှ ဖြစ်လာတာ။ အရင်ကတော့ လူလိမ်တွေပဲ သူတို့ဘာသူတို့ရအောင် လိမ်သွားကြတာ။ ဒီလိုလူတွေက ဝင်ပြီး ကြော်ငြာပေးရင် ပိုပြီး စိတ်ဝင်စားကြတာကတော့ ဟိုးအရင် အွန်လိုင်းအခြေပြုမဟုတ်ဘဲ တီဗီကြော်ငြာတွေနဲ့တောင် လိမ်သွားတာမျိုး ရှိခဲ့ဖူးတယ်လေ။ ရှယ်ယာလုပ်ငန်းဘာညာဆိုတာပေါ့ ။အဲ့တော့ အဲ့သဘောက ရှိပြီးသား၊ သူတို့က အဲ့သဘောကို ပြန်သုံးတဲ့ပုံစံပါပဲ။ ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်လေ သူတို့သဘောကျပြီးသားလူတွေ ပြောလိုက်ရင် ပိုပြီး ယုံကြတာမျိုးလည်းရှိတာကိုး”ဟု ကိုဇင်ဇေလွင်က သုံးသပ်ပြောသည်။

၎င်းတို့ကြော်ငြာပေးခဲ့သည့် အက်ပလီကေးရှင်းမှ လိမ်လည်မှုဖြစ်ပွားခဲ့သည့်အခြေအနေကိုသိရှိပြီးသည့်နောက် ကြော်ငြာပေးခဲ့သည့် ဆယ်လီများသည် ပြည်သူလူထုကို အတိအလင်း တောင်းပန်ရန် လိုအပ်သည်ဟု ကိုဇင်ဇေလွင်က ဆက်လက် ပြောသည်။

 Exxon Film Inverstment သည် ရုပ်ရှင်ပိုင်းမှ လူများထုတ်သုံးခြင်း ၊ အလှူအတန်းလုပ်ပြခြင်းများအပြင်  ၎င်းတို့အကြောင်းကိုမိတ်ဆက်ရာတွင် အသုံးပြုသည့် အခြားနည်းလမ်းတစ်ခုမှာ  မြန်မာနိုင်ငံတွင်ရန်ကုန်ရုံးအနေဖြင့် တရားဝင် ရုံးအထိုင်ရှိသည်ကိုအဓိကထား ပြောဆိုခြင်းဖြစ်သည်။

ထို့အပြင် Exxon Film Inverstment မြန်မာနိုင်ငံ ရန်ကုန်ရုံးခွဲဟု ၎င်းတို့ပြောဆိုသုံးနှုန်းနေသော လှိုင်သာယာ FMI အိမ်ရာရုံးတွင် အထွေထွေ မန်နေဂျာအဖြစ် မအိအိကို ခန့်အပ်ထားသည်။ မအိအိနှင့် ဆက်သွယ်မေးမြန်းရာတွင် သူသည်လည်း  Exxon Film တွင်အဖွဲ့ဝင်အဖြစ် ပါဝင်နေသူတစ်ဦးဖြစ်ပြီး သူဌေးနဲ့ တယ်လီဂရမ်အကောင့်မှသာ ဆက်သွယ်စကားပြောဆိုခဲ့ခြင်းဖြစ်သောကြောင့် သူဌေးမည်သူမည်ဝါမှန်း သိရှိခြင်းမရှိကြောင်း ပြောသည်။ အဆိုပါရုံးတွင်လည်း အလှူအတန်းလုပ်ရန်ကိစ္စတစ်ခုတည်းအတွက်သာ အချိန်ပိုင်းအလုပ်လုပ်သည်ဟုပြောသော်လည်း ၎င်း၏လက်အောက်တွင် အလုပ်လုပ်ကိုင်ရန် Exxon Filmတွင် ရှိနေသော အဖွဲ့ဝင် ခုနစ်ဦးကိုပင် ၎င်းကိုယ်တိုင် အလုပ်ခန့်ထားခဲ့သည်။ မားကတ်တင်းဝန်ထမ်း ငါးဦး၊ စာရင်းကိုင်တစ်ဦးနှင့် အထွေထွေဝန်ထမ်းတစ်ဦးကို မအိအိကိုယ်တိုင် ခန့်အပ်ထားသော်လည်း သူကိုယ်တိုင်က Exxon Film Inverstmentတွင် အလှူအတန်းများ ဓာတ်ပုံရိုက်ရန် ကူညီရသူတစ်ဦးအဆင့်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လိမ်လည်မည့်လုပ်ငန်းတစ်ခုဖြစ်မှန်း မသိခဲ့ကြောင်း ပြော၍ ၎င်းအာမခံ၍ ထည့်သွင်းပေးထားသော အဖွဲ့ဝင်များကို လည်း ယခုလိမ်လည်မှုဖြစ်ပြီးနောက် လျော်ကြေးများသူကိုယ်တိုင် ပြန်လည်ပေးအပ်သည်ဟုဆိုသည်။သို့သော် မအိအိသည်လည်း Exxon Film မပေါ်ပေါက်မီ JOOM အက်ပလီကေးရှင်းတွင် ကိုဝင်းဇော်လွင်ကဲ့သို့ပင် ပါဝင်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။ ယခု Exxon Film တွင် မန်နေဂျာအဖြစ် တာဝန်ယူထားသော်လည်း သူ့အနေဖြင့် လိမ်လည်မှုနှင့် သက်ဆိုင်ခြင်းမရှိဘဲ တရားဥပဒေအရ အပြစ်ရှိသည်ဟုလည်း မယူဆကြောင်းပြောသည်။

“ အစ်မက Inverstment ပိုင်းက မဟုတ်ဘူး။ အလုပ်ခေါ်ကတည်းက အလှူတွေလုပ်ရင်ကူပေးဖို့ပဲပြောထားတာ။ ငွေအသွင်းတွေအထုတ်တွေကိုင်တာမဟုတ်လို့ တာဝန်ရှိတယ်လို့ မထင်ဘူး။ အစ်မ အာမခံပေးပြီး အဖွဲ့ထဲထည့်ပေးမိတဲ့သူတွေကိုတော့ ငွေတွေ ပြန်လျော်ပေးရတာရှိတယ်။ ဒီမှာက အလှူကိစ္စတွေမှာ ဓာတ်ပုံရိုက်ပေးတာနဲ့ မန်နေဂျာအနေနဲ့ မျက်နှာသွားပြ တွေ့ပေးရတာရှိတယ်။ ပြည်တို့ မြန်အောင်တို့ဘက်က အဖွဲ့ဝင်တွေက ဒီအက်ပလီကေးရှင်းအကြောင်း ရှင်းပြပေးဖို့ ခေါ်ရင် သွားပေးရတယ်။ ဒါကလည်း အလုပ်ဝင်ပြီးသုံးကြိမ်လောက်ပဲ သွားတွေ့ခဲ့ရတာ “ဟု Exxon Film Inverstmentဧ အထွေထွေမန်နေဂျာ မအိအိက အဆိုပါရုံးတွင် သူလုပ်ဆောင်ခဲ့ရသည်များကိုပြောပြသည်။

သို့သော် အဆိုပါ အက်ပလီကေးရှင်း အသက်ဝင်ဖြစ်မြောက်ရန်အတွက်  ပူးပေါင်းကြံစည်သူသည်လည်း ဆက်သွယ်ရေးဥပဒေနှင့် လိမ်လည်မှုဥပဒေ ပုဒ်မ (၄၂၀)တွင် အကျုံးဝင်နေသည်ဟု အထက်တန်းရှေ့နေတစ်ဦးက ယင်းကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။

လိမ်လည်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ သည် အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်အထိချမှတ်နိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ခုလုံးလည်း ချမှတ်နိုင်ကြောင်း သိရသည်။

လိမ်လည်ခံရသူများသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ၊ဧရာဝတီတိုင်း ၊တနင်္သာရီတိုင်း၊ တောင်ကြီး ၊ရှမ်းပြည်နယ်ဘက်တို့တွင် အဖြစ်များပြီး လူတစ်ဦးတစ်ယောက်မှ စတင်၍ ၎င်းနှင့်ဆက်စပ်သည့် မိသားစုများ အသိမိတ်ဆွေများ ရပ်ကွက် ပတ်ဝန်းကျင် အစရှိသဖြင့် လိမ်လည်ခံရပြီး အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်လိမ်လည်ရာတွင် မြို့နယ်အလိုက် သက်ဆိုင်ရာလူများမှ တစ်ဆင့် ဆက်စပ်လိမ်လည်မှု ပြုလုပ်လေ့ရှိသည်။

ရန်ကုန်တိုင်းတွင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများသည် အွန်လိုင်းအက်ပလီကေးရှင်းများ၏ ပြစ်မှတ်ထားမှုပိုမိုခံရပြီး အဆိုပါ အလုပ်သမားများမှတစ်ဆင့် မိသားစုဝင်များအထိ ငွေထည့်ပါဝင်မှုများ လုပ်ဆောင်ကြသည်။ မြို့နယ်အလိုက်၊ ပြည်နယ်အလိုက် အဖွဲ့အုပ်စုများပင် ရှိတတ်ကြပြီး အဖွဲ့အလိုက် အွန်လိုင်းမှတစ်ဆင့် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ကြပြီးနောက် လူတွေ့စည်းရုံးလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ကြသည်ဟုသိရသည်။ ရန်ကုန်ရုံး မန်နေဂျာဟု အမည်ခံယူထားသောမအိအိသည်လည်း ပြည်၊ မြန်အောင်လို နေရာမျိုးများအထိ အဖွဲ့ဝင်များ၏ ဖိတ်ကြားမှုဖြင့် အက်ပလီကေးရှင်းအကြောင်း သွားရောက်ရှင်းပြမှုများ လုပ်ရသည်ဟု ပြောသည်။

လိမ်လည်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် ပညာရေး ၊ စီးပွားရေး အခက်အခဲများကြောင့်နှင့် ပြည်သူများ၏ အဆင်မပြေမှုများမှတစ်ဆင့် ၎င်းအက်ပလီကေးရှင်းများကို ထွက်ပေါက်တစ်ခုကဲ့သို့ စိတ်ဝင်စားလာကြခြင်းမှ စတင်သည်ဟု ဆင့်ပွားစေ◌ျးကွက်ဖြန့်ချိရေးလုပ်ငန်း MLM စနစ်ကို ဆန့်ကျင်တိုက်ဖြတ်သူတစ်ဦးဖြစ်သည့် ကိုဇင်ဇေလွင်က ပြောသည်။

“ပြည်သူလူထုရဲ့ ပညာရေးရေချိန်၊ စီးပွားရေးရေချိန်နဲ့ ဆိုင်တာပေါ့။ လူတိုင်းက စီးပွားရေးလည်လည်ပတ်ပတ် ကောင်းကောင်းမွန်မွန်လုပ်လို့ရနေတယ်ဆိုရင် ဒီလိုဟာတွေကို စိတ်ဝင်စားချင်မှစိတ်ဝင်စားမှာလေ။ ကိုယ့်အလုပ်မှာလည်း အဆင်ပြေနေရင်ပေါ့။ များသောအားဖြင့်ကတော့ သိပ်အဆင်မပြေလို့ ထွက်ပေါက်တစ်ခုကို ရမလားဆိုပြီးတော့ စိတ်ဝင်စားကြတဲ့သဘောများတာပေါ့”ဟု ၎င်းကဆိုသည်။

နာမည်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် အက်ပလီကေးရှင်းများ၏ တူညီသည့်အချက်မှာ ငွေရင်းပြီးသည်နှင့် အချိန်တိုအတွင်း ၎င်းတို့ထည့်သွင်းထားသည့်ငွေထက် ပိုမိုများပြားသည့် ငွေပမာဏကို လွယ်လွယ်ကူကူ ပြန်လည်ရရှိမည့် ဆိုသည့် မက်လုံးများပင်ဖြစ်သည်။ အဆိုပါ မက်လုံးများပေးရန် ၎င်းတို့အက်ပလီကေးရှင်း၏ ငွေရနိုင်သည့်အကြောင်းများကို ရှင်းပြပေးရန်အတွက် ခေါင်းဆောင်များ ၊သင်တန်းပေးသူများလည်း ယင်းအက်ပလီကေးရှင်းအတွက် သပ်သပ်ရှိနေသည်ကိုတွေ့ရသည်။ အက်ပလီကေးရှင်းတစ်ခုရပ်ဆိုင်းလိုက်ပြီးနောက် နောက်အက်ပလီကေးရှင်းအသစ်တစ်ခုပေါ်လာချိန်တွင် ယခင်ခေါင်းဆောင်များ ၊သင်တန်းပေးသူများမှ တခြားပုံစံတစ်မျိုးဖြင့် တခြားလူသစ်များကို ထပ်မံချဉ်းကပ်ကြလေ့ရှိသည်။ ထို့အပြင် ယခင်အဖွဲ့ဝင်များမှလည်း ယခင်က၎င်းတို့ဆုံးရှုံးထားသည့်ငွေများ ပြန်လည်ရရှိရန်အတွက် နောက်အက်ပလီကေးရှင်းအသစ်တစ်ခုတွင် ဆက်လက်ပြန်လည်ပါဝင်လာကြပြီး နောက်ထပ် အဖွဲ့ဝင်သစ် ထပ်မံရှာဖွေပြီး ငွေပြန်လည်ရရှိရန် ထပ်မံလုပ်ဆောင်ကြသည်။

“နားလည်တတ်ကျွမ်းပြီး အကင်းပါးတဲ့သူတွေကျတော့ အရင်းတွေပြန်ရကြတယ်။ အဲ့မှာကိုယ်က များများလူရှာလေ ပိုက်ဆံများများရလေဆိုပြီး လောဘတက်သွားတဲ့ ခေါင်းဆောင်တဲ့သူတွေက အတင်းတွေ ပိုက်ဆံတွေရှာပြီး ထည့်ခိုင်းကြတယ်။ Leaderလုပ်တဲ့သူတွေ Trainer လုပ်တဲ့သူတွေကျတော့ တစ်လိုင်းပေါ့။ သူတို့ထည့်ထားတဲ့ အရင်းအနှီးပေါ်မှာလည်း ငွေရသလို သူတို့ရဲ့ ကော်မရှင်ကလည်း ကြီးတယ်။ အဲ့အခါကျတော့ သူတို့တွေက သူတို့ရဲ့သီးသန့်လိုင်းကနေပြီးတော့ သပ်သပ်သွားကြတာ။ သူတို့တွေရဲ့ အဆွယ်တွေ အပြောတွေအောက်မှာ ခံရတာတွေကအများကြီးပေါ့။ သူတို့တွေကတော့ မခံရဘူးပေါ့ သူတို့ဆွယ်လို့ ပါတဲ့သူတွေကတော့ ခံရတာပေါ့”ဟု ကိုဝင်းဇော်လွင်က အဆိုပါ အက်ပလီကေးရှင်းများတွင် ပါဝင်ခဲ့စဥ်က ၎င်းမြင်တွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြသည်။

လိမ်လည်ခံရသူများသည် တိုင်တန်းရာတွင်လည်း တစ်ဆင့် လာရောက်မိတ်ဆက်သူများလောက်ကိုသာ တိုင်တန်းမှုပြုလုပ်နိုင်ကြပြီး အဓိက လုပ်ဆောင်သူများကိုသိရှိခြင်းမရှိသည့်အတွက် တိုင်တန်းမှု မလုပ်ဆောင်နိုင်ကြပေ။ သို့သော် ၎င်းတို့ငွေလက်ခံရာတွင် အသုံးပြုသည့် ဖုန်းနံပတ်များ၊ KBZ PAY အကောင့်များကို သေချာစစ်ဆေးမှု ပြုလုပ်နိုင်ပါက တရားခံပေါ်ပေါက်လာနိုင်သည်ဟု ကိုဝင်းဇော်လွင်က ခန့်မှန်းသည်။

လိမ်လည်သည့် အက်ပလီကေးရှင်းများ၏ CEO သည် နိုင်ငံခြားလူမျိုးတစ်ဦးအဖြစ် အသွင်ဖမ်းထားပြီး တယ်လီဂရမ်နှင့် ဆက်သွယ်ပြောဆိုရာတွင်လည်း ဆက်သွယ်ပြောဆိုသူများမှ မြန်မာလိုပြောသည်ကို ၎င်းမှ အင်္ဂလိပ်စကားဖြင့်သာ ပြန်လည်ဆက်သွယ်ပြောဆိုမှု ပြုလုပ်လေ့ရှိသည်ဟု အဖွဲ့ဝင်အချို့က ပြောသည်။

Exxon Film အက်ပလီကေးရှင်းသည်  ကမ္ဘာဇဘဏ်နှင့်ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်း ငွေထုတ် လုပ်ဆောင်မှုကို ၀၉၇၆၊ ၇၇၊ ၇၈၊ ၇၉ နံပတ်များဖြင့် စတင်သည့် တယ်လီနောဖုန်းနံပတ်များကိုအသုံးပြုပြီး KBZ PAY အကောင့် ပိုင်ရှင် နာမည်အမျိုးမျိုးဖြင့် ငွေသွင်းငွေထုတ်များအား လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ အဆိုပါလိမ်လည်သည့်အကောင့်များကို ကမ္ဘာဇဘဏ်သို့ အကြောင်းကြား၍ အကောင့်ပိတ်ရန် တောင်းဆိုမှု ပြုလုပ်ရာတွင်လည်း အကောင့်ယာယီပိတ်ရန်၊ ကိုယ်လွှဲထားသည့်ငွေပမာဏကို ပြောပြရန် အကြောင်းအရာများနှင့်အတူ အမှုဖွင့်ထားသည့် ရဲစာနှင့်တကွ လာရောက်ဆက်သွယ်၍ရသည်ဟု ကမ္ဘာဇဘဏ်ဝန်ထမ်းတစ်ဦးကဆိုသည်။ သို့သော် အကောင့်ပိတ်ရန်အတွက် လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်၍ အဆိုပါ စစ်ဆေးမှုသည် မည်မျှ အချိန်ကြာမြင့်မည်ကို မသိနိုင်ဟုလည်း ပြောသည်။

၂၀၂၂ခုနှစ် ဇူလိုင်လတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အောက်တိုဘာလတွင် ရပ်ဆိုင်းခဲ့သော JOOM အက်ပလီကေးရှင်းသည်လည်း ကမ္ဘာဇဘဏ်ဖြင့် ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်းငွေထုတ် လုပ်ဆောင်ခဲ့ပြီး KBZ PAYအကောင့်များအတွက် မိုင်တဲလ်  ဖုန်းနံပတ်များဖြစ်သည့် ၀၉၆၆၊၆၇၊၆၈၊၆၉ ဖြင့်စတင်သည့် ဖုန်းနံပတ်များကို အသုံးပြုခဲ့ကြသည်ကို လေ့လာသိရှိရသည်။

နစ်နာသူတွေဘက်က အခက်အခဲ

အွန်လိုင်းတွင် ယခုလို အလိမ်အက်ပလီကေးရှင်းများ ဆက်တိုက်ဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ “အွန်လိုင်းပေါ်မှာ လိမ်လည်မှုဖြစ်နိုင်ချေရှိတဲ့ မသင်္ကာစရာလုပ်ငန်းတွေကို အထူးတပ်ဖွဲ့တွေဘာတွေကနေ စောင့်ကြည့်တာ ၊ တကယ်လို့တိုင်ကြားတာတွေရှိရင် လိုအပ်သလိုစစ်ဆေးတာ အဲ့လိုမျိုးတွေက မရှိဘူးလေ။ အဲ့ဒါက ရှင်းရှင်းပြောရင်တော့ လူလိမ်တွေက လိမ်လို့ လွယ်စေတယ်။ သို့မဟုတ်လဲ လိမ်ပြီးသွားရင် နောက်ဆက်တွဲအကျိုးကို သူတို့ခံစားစရာမလိုဘူး။ ရှောင်လို့ပြေးလို့ လွယ်နေတယ်။ အဲ့အတွက် တစ်ခုပြီးတစ်ခုထပ်လိမ်လို့လည်း ရနေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်”ဟု ကိုဇင်ဇေလွင်က သုံးသပ်သည်။

ထို့အပြင် အလိမ်ခံရသည့် နစ်နာသူများမှ တိုင်ကြားမှုပြုလုပ်သူများသည် မရှိသလောက် ဖြစ်ပြီး တိုင်ကြားမှုပြုလုပ်ရန် အဖွဲ့ဝင်များကိုလိုက်လံစည်းရုံးသော်လည်း လိုက်ပါတိုင်ကြားသူမရှိကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုဝင်းဇော်လွင်က ပြောသည်။

“အိမ်က အသိမခံချင်လို့ ၊ တချို့ကျတော့ မဖြစ်မနေ ငွေပြန်ရမှ တိုင်မယ်ဆိုတဲ့သူတွေကလည်း ရှိတယ်။ ပိုက်ဆံတွေထပ်ကုန်မှာစိုးလို့ မတိုင်ချင်တာဆိုတဲ့သူလည်းရှိတယ်”ဟု ၎င်းကပြောသည်။
သို့သော် အလိမ်ခံရသူ ၁၀၀ရာခိုင်နှုန်းတွင် လူ ၇၀ရာခိုင်နှုန်းခန့်သည် အစပိုင်း ငွေထုတ်ရသည့်အချက်ကို အဓိကကြည့်၍ ငွေထုတ်ပြီးသည်နှင့် ရပ်မသွားဘဲ အဆင့်များတက်ရန် ငွေထပ်မံရရန် အတွက် ငွေများ ထပ်မံထည့်သွင်းကြခြင်းဖြစ်သည်။ ယင်းအက်ပလီကေးရှင်းများသည် ရိုက်စားဖြစ်ပြီး အချိန်တစ်ခုကြာလျှင် ရပ်ဆိုင်းသွားမည့်အချက်ကို သိကြသော်လည်း ငွေမြန်မြန်ထည့်သွင်း ငွေမြန်မြန် ပြန်လည်ထုတ်ယူဟူသော အချက်ကို လက်ကိုင်ထား၍ အချိန် ၊အခြေအနေကို အကဲခတ်ပြီး ငွေများဆော့ကစားကြသူများသည်  ၇၀ရာခိုင်နှုန်း ခန့်ရှိနေသည်ကို တွေ့ရသည်။ကျန် ၃၀ရာခိုင်နှုန်းသည် မည်သည့်အခြေအနေ အနေအထားမျှ သိရှိခြင်းမရှိဘဲ မိသားစု ၊ အသိမိတ်ဆွေများ၏ ပြောဆိုစည်းရုံးမှု၊ ၎င်းတို့ ငွေပြန်လည်ထုတ်ယူရရှိသည်များကို တွေ့ရှိမှုများကြောင့် အချိန်တန် ငွေများဝင်လာမည်ဟူသောအတွေးဖြင့် ငွေများ ပါဝင်ထည့်သွင်းကြခြင်းဖြစ်သည်။

“လုပ်ငန်းဆိုတာ ဟန်ပြလုပ်နေလည်း ရတာပဲလေ။ အောင်မြင်နေမှ အမြတ်က များများပေးနိုင်မှာ ။သူတို့ပေးနေတဲ့ အမြတ်တွေက ဘယ်က ရတာလဲပေါ့။ အချင်းချင်း နောက်ကဝင်တဲ့လူရဲ့ပိုက်ဆံကိုရှေ့ကလူကို လှည့်ပြီးတော့ ပေးနေတာမျိုး ဖြစ်နိုင်လား ဒါမှမဟုတ် တကယ်ငွေဝင်လမ်းကြောင်း ကြီးကြီးမားမား ရှိနေလားပေါ့။ ဒါတွေကို ကျွန်တော်တို့က ထောက်စစ်ရမှာပေါ့။ တချို့ကတော့ရှိတယ် ကိုယ်ပိုက်ဆံရရင် ဒါမှန်တယ်လို့ အလွယ်တွေးတာပေါ့။ ပိုက်ဆံဆိုတာကတော့ လှည့်ပေးနေရင် ရတာပဲပေါ့ ။ 

နောက်ပိုင်းကျမှသာ ထိမှာလေ ရှေ့ပိုင်းမှာတော့ လှည့်လှည့်ပေးနေမှာပဲလေ။ လွယ်လွယ်ပြောရရင် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေလို့ ရတယ်ပေါ့။ အဲ့တော့ ပိုက်ဆံပေးတိုင်းတော့ ဒီလုပ်ငန်းတစ်ခုက မလိမ်ဘူးလို့ ပြောလို့ မရဘူးပေါ့။ အဓိက အဲ့လုပ်ငန်းရဲ့ ငွေဝင်လမ်းကြောင်းသည် ဖြစ်နိုင်ချေ ရှိမရှိဆိုတာကို ကျွန်တော်တို့က ဆန်းစစ်ရမှာ။ အဲ့လို ဆန်းစစ်တတ်တဲ့သူများလာရင်တော့ လိမ်လို့ရတာ နည်းလာမှာပေါ့”ဟု ကိုဇင်ဇေလွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly