ထွန်းသစ်စ အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး တိုးမြှင့်မည်ဟု တရုတ်ပြောကြား 

By   NDTV
06 April 2023
ထွန်းသစ်စ အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး တိုးမြှင့်မည်ဟု တရုတ်ပြောကြား 

အိန္ဒိယ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် သိသာထင်ရှားသော သြဇာလွှမ်းမိုးမှုရှိသည့် ထွန်းသစ်စ အင်အားကြီးနိုင်ငံများဖြစ်ပြီး တရုတ်က အဆိုပါ ၂ နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ဧပြီ ၄ ရက်တွင် ပြောကြားသည်။

ရုရှား၏ နိုင်ငံခြားရေးမူဝါဒ အယူအဆသစ်နှင့်ပတ်သက်၍ TASS သတင်းအေဂျင်စီ၏ မေးမြန်းချက်အပေါ် မောင်နင်းက “တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ ထင်ရှားတဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ အဓိက ထွန်းသစ်စနိုင်ငံကြီးတွေ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း အခင်းအကျင်းတွေမှာ လေးနက် ရှုပ်ထွေးတဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်နေရတာကြောင့် ရုရှားနဲ့ အိန္ဒိယအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့နဲ့ စစ်မှန်တဲ့ ဘုံရည်မှန်းချက်ကို ကာကွယ်ပြီး ကမ္ဘာ့စိန်ခေါ်မှုတွေကို အတူတကွ တုံ့ပြန်နေတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာကို ကမ္ဘာ့နိုင်ငံတွေကို အသိပေးဖို့ အသင့်ပါပဲ” ဟု ပြောကြားခဲ့ကြောင်း အိန္ဒိယရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ရှောင်ကျန်းက တွစ်တာတွင် ရေးသားထားသည်။

“တရုတ်နဲ့ ရုရှားတို့ဟာ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ နိုင်ငံကြီးတွေရဲ့ ဆက်ဆံရေးပုံစံအသစ်မျိုးကို မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးဟာ ဘယ်တတိယအဖွဲ့အစည်းကိုမှ ပစ်မှတ်မထားသလို သူတို့ရဲ့ တိုက်ခိုက်မှုကလည်း မိမိတို့အပေါ် သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့လက ရုရှားဆီ နိုင်ငံတော်ခရီးစဉ်အဖြစ် အောင်မြင်စွာ သွားရောက်နိုင်ခဲ့ပါတယ်။  ခေါင်းဆောင်နှစ်ဦးဟာ တရုတ်-ရုရှား ဆက်ဆံရေးရဲ့ အနာဂတ်လမ်းစဉ်အတွက် အသေးစိတ်အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။  နှစ်နိုင်ငံခေါင်းဆောင်တွေအကြား အရေးကြီးတဲ့ ဘုံသဘောတူညီချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်နေကြပါတယ်။ တရုတ်-ရုရှား ဆက်ဆံရေးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မိမိတို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု မောင်နင်းက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မတ်လ ၃၁ ရက်နေ့က နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အယူအဆသစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်၊ အိန္ဒိယတို့နှင့် ခိုင်မာ လေးနက်သော ဆက်ဆံရေးရှိရန်မှာ ရုရှားအတွက် သံတမန်ရေးရာ ဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာမျက်နှာ ၄၂ မျက်နှာပါ စာတမ်းတွင် တရုတ်နှင့် အိန္ဒိယတို့ ဆက်ဆံရေးကို ဦးစားပေးဖော်ပြထားပြီး ယူရေးရှား (ဥရောပနှင့်အာရှ) တိုက်ကြီးပေါ်ရှိ စွမ်းအားနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးပြုကမ္ဘာ့ဗဟိုဌာနများနှင့် ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေရန် အရေးကြီးကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

အိန္ဒိယနှင့် ရုရှားတို့သည် စစ်အေးတိုက်ပွဲအတွင်းက ရင်းနှီးသော ဗျူဟာမြောက် စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည်။ ရုရှားနှင့်အိန္ဒိယ နှစ်နိုင်ငံစလုံးက အဆိုပါမဟာမိတ်ဖွဲ့မှုကို ထူးခြားသော အခွင့်ကောင်းတစ်ခုအဖြစ် ရည်ညွှန်းပြောဆိုကြသည်။

အိန္ဒိယနှင့် ရုရှားအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံရေး၊ ကာကွယ်ရေး၊ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်၊ အကြမ်းဖက်မှုတန်ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အာကာသကဏ္ဍ စသည့် မဏ္ဍိုင်ကြီး ၅ ရပ်အပေါ် အခြေခံထားသည်။ အိန္ဒိယနှင့် ရုရှားတို့သည် သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကိုလည်း ဆင်နွှဲခဲ့သည်။ 

ရုရှားသည် အပြန်အလှန်အကျိုးရှိသည့် နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယနှင့် အခွင့်ထူးခံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏတိုးမြင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် မိတ်ဖက်မဟုတ်သည့် နိုင်ငံများနှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများ၏ အဖျက်သဘောဆောင်သည့် လုပ်ရပ်များအား ခုခံနိုင်ရေးတို့ကို အထူးအလေးပေးဆောင်ရွက်ရန်လည်း စာတမ်းတွင် ဖော်ပြထားသည်။ 

ရုရှားသည် BRICS အဖွဲ့၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၊ လွတ်လပ်သော ဓနသဟာယနိုင်ငံများ (CIS)၊ ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) ၊ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO)၊ RIC (ရုရှား၊ အိန္ဒိယ၊ တရုတ်) အဖွဲ့ နှင့် အခြားပြင်တွင်းပြည်ပ အသင်းအဖွဲ့များနှင့် ရုရှား၏ပူးပေါင်းပါဝင်မှုအားကောင်းသည့် ယန္တရားများတွင်  အဖွဲ့အချင်းချင်း စွမ်းဆောင်ရည်နှင့် နိုင်ငံတကာအခန်းကဏ္ဍကို မြှင့်တင်ရေးဟူသော ၎င်း၏ ဦးစားပေးအရာများထဲတွင် နိုင်ငံများစွာ၏ ဖြစ်ရပ်များအကြား ကမ္ဘာ့အခင်းအကျင်းကို လိုက်လျောညီထွေဖြစ်စေရေး ကူညီရန် ရည်ရွယ်ထားသည်ဟု စာတမ်း၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly