မင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

မင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားကြောင်း Natogyi People Defense Force က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မင်းရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒရုန်းများနှင့်ပါ ဗုံးသီးချတိုက်ခိုက် ခဲ့ကြောင်း Natogyi People Defense Force အဖွဲ့ မှ သိရသည်။

“ အဲ့မှာက အင်အား ၃၀ လောက်ရှိတာ သူတို့ တောနင်းထွက်တဲ့အချိန် စခန်းမှာ ၁၀ ယောက်လောက်ပဲ ရှိတဲ့အချိန်မှာဝင်တိုက်တာ ကျနော်တို့ စခန်းအခြေကို ကပ်တဲ့အချိန် စစ်ကူတွေပြန်ရောက်လာလို့ ချက်ခြင်းပြန်ဆုတ်ခဲ့ရတာ” ဟု Natogyi People Defense Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Natogyi People Defense Force အဖွဲ့ ဆိုပါတယ်။

၎င်းက “စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးမှုကိုတော့ အတွင်းလူကနေတစ်ဆင့် အတည်ပြုတာပါ။ ကျနော်တို့ဘက် လုံး၀ အထိအခိုက်မရှိပါဘူး “ ဟုပြောသည်။

မင်းရွာ ရှိစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် မင်းရွာအတွင်းရှိ NLD အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း ပြည်သူများကို သတ်ဖြတ်ခြင်းနှင့်လမ်းသွားလမ်းလာ မော်တော်ယာဉ်များကို ငွေတောင်းခံခြင်းများပြုလုပ်လေ့ရှိကြောင်း Natogyi People Defense Force က တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ဟိုတစ်လောက မင်းရွာမှာပြည်သူ ခြောက်ဦးသတ်ခံရတာတွေရှိတယ်၊ လမ်းသွားလမ်းလာ ကုန်ကား စျေးကားတွေကို ငွေကြေးကောက်ခံတာတွေရှိတယ်၊ ရွာထဲက NLD ဆိုသူတွေကို ဖမ်းပြီးတော့ မြင်းခြံ မြို့နယ် ပျူစောထီးလက်ထဲ အပ်ပေးတာတွေရှိတယ်” ဟုပြောသည်။

ယခုတိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင်အမှတ်( ၄ )တပ်ရင်း ၊ People Defense Force MDY ၊ 27 Revolution Forces နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ တို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly