ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီဖမ်းဆီး 

By ရွှေနွယ် (မဇ္ဈိမ)
06 April 2023
ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီဖမ်းဆီး 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းအား စစ်ကောင်စီတပ်က  ဧပြီလ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။ 

ဦးဌေးမင်းသိန်းကို  ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်၊ပွဲစားတန်းလမ်းရှိ ၎င်း၏နေအိမ်တွင် စစ်‌ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က မဇ္ဈိမကိုပြောသည်။ 

"သူ့ကိုနေအိမ်မှာပဲ လာဖမ်းသွားတယ်။ အရပ်ဝတ်နဲ့စစ်သားတွေကဖမ်းသွားတာပါ။  ပြည်ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ဘက်ကိုခေါ်သွားတယ်ကြားတယ်" ဟု ဒေသခံတဦးကပြောသည်။ 

ဦးဌေးမင်းသိန်းသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားပြုပြီး ကြို့ပင်ကောက်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ရွေးကောက်ခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
၎င်းသည် စစ်အာဏာသိမ်းစကာလ ၂၀၂၁ ဖေဖော်ဝါရီလတွင်  ခေတ္တတိမ်းရှောင်ခဲ့သော်လည်း နောက်ပိုင်းတွင်  ကြို့ပင်ကောက်မြို့ရှိ ၎င်း၏နေအိမ်တွင် ပြန်လည်နေထိုင်ခဲ့ကြောင်း သိရသည်။ 

"ကိုဌေးမင်းသိန်းက အာဏာသိမ်းစနှစ်လလောက်မှာ တိမ်းရှောင်သေးတယ်။ သူနဲ့လည်း အဲ့ကာလတွေမှာ အဆက်အသွယ်ရှိတယ်။ ၂၀၂၁ လေးလပိုင်းလောက်ထိ အဆက်အသွယ်ရှိသေးတယ်။ နောက်ပိုင်းမှာ သူအိမ်ပြန်သွားတယ်။အိမ်မှာ ပြန်နေနေတယ်လို့ သိရပြီးတဲ့နောက်မှာ ဒီဘက်ကလည်း ဂရုတွေထဲက ထုတ်လိုက်ကြတယ်ပေါ့။ အဲ့နောက်ပိုင်းကတည်းက အဆက်အသွယ်မရှိကြတော့တာပါ" ဟု ပဲခူးတိုင်းမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦးက မဇ္ဈိမကိုပြောသည်။ 

ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်အချို့တွင် ဦးဌေးမင်းသိန်းကဲ့သို့ပင် စစ်ကောင်စီထံတွင် ခံ၀န်လက်မှတ်ထိုးထားသည့် NLD ကိုယ်စားလှယ်အချို့လည်းရှိနေပြီး  ဦးဌေးမင်းသိန်းကို စစ်ကောင်စီက  ဘာအကြောင်းကြောင့်ဖမ်းဆီးလိုက်သည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

"သူက အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာမခံနဲ့ သူ့အိမ်မှာသူပဲနေနေတာ။အခုမှ ဘာကြောင့်ထဖမ်းရတယ်ဆိုတာ တိတိကျကျမသိရသေးဘူး” ဟု ကြို့ပင်ကောက်မြို့ဒေသခံတဦးကပြောသည်။ 

စစ်ကောင်စီသည် နိင်ငံတော်အာဏာသိမ်းပြီးနောက် မတ်လ ၂၉ရက်အထိ ပါတီဝင် ၁၂၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊  ပါတီဝင်၂၆ ဦးသည်  စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး 
အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required