မဲမှောင်ပျောက်ကြားတပ်ဖွဲ့အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာအတု ထွက်ပေါ်

မဲမှောင်ပျောက်ကြားတပ်ဖွဲ့အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာအတု ထွက်ပေါ်

မဇ္ဈိမ။    ။ မြေပြင်တွင် အမှန်တကယ်လှုပ်ရှားနေသည့် မဲမှောင်ပျောက်ကြားတပ်ဖွဲ့၏အမည်အသုံးပြုကာ ဖေ့စ်ဘုတ်စာမျက်နှာဖွင့်၍  စစ်ဆင်ရေးဖိုင်အဟောင်းများကိုသုံးပြီး ၎င်းတို့လှုပ်ရှားမှုအဖြစ်ပုံဖော်ကာ အလှူငွေကောက်ခံခြင်းများ ပြုလုပ်နေသည်။ 

“မဲမှောင် ပျောက်ကြားတပ်ဖွဲ့” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဧပြီလ ၂ ရက်နေ့က ဝမ်းနည်းကြေ ကွဲခြင်းဟုဆိုကာ ၎င်းတို့တပ်ဖွဲ့တွင် လက်နက်စမ်းသပ်ထုတ်လုပ်ပြီး အဖွဲ့ဝင်ခုနစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကို ဖြန့်ဝေမှု ၁၂၃ ခု ရှိခဲ့ပြီး စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များတွင်လည်း ထိုအကြောင်းကို လှောင်ပြောင်ခြင်းများ ရှိခဲ့သည်။ 

မဲမှောင် ပျောက်ကြားတပ်ဖွဲ့စာမျက်နှာအတုတွင် အလှုခံနေသည်များလည်းရှိရာ လှူဒါန်းသူများအား အသိအမှတ်ပြုဖြတ်ပိုင်းများကိုလည်း ဖြန့်ဝေထားသည်ကို တွေ့ရသည်။ 

ထိုအကြောင်းနှင့်ပတ်သက်၍ မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ အဆိုပါပေ့ချ်မှာ စစ်ကိုင်းတိုင်း၊ ယင်း မာပင်ခရိုင်တွင် စစ်ရေးလှုပ်ရှားနေသည့် ပြောက်ကျားတပ်ဖွဲ့တဖွဲ့ဖြစ်သော “မဲမှောင်ပျောက်ကြားတပ်ဖွဲ့” ၏အမည်ကိုအသုံးပြုထားသည့် စာမျက်နှာအတုဖြစ်ပြီး ရဲဘော်ခုနစ်ဦးသေဆုံးခြင်းမှာလည်း မဟုတ်မှန် ကြောင်း သိရသည်။ 

မဇ္ဈိမအနေဖြင့် “မဲမှောင်ပျောက်ကြားတပ်ဖွဲ့”မြေပြင်တွင် အမှန်တကယ်လှုပ်ရှားမှု ရှိ မရှိကို ယင်းမာပင် မြို့နယ်သတင်းမှန်ပြန်ကြားရေးသို့မေးမြန်းရာတွင် လှုပ်ရှားမှုရှိကြောင်း စာဖြင့်ပြန်လည်ဖြေကြားသည်။ 

တဖန် “မဲမှောင်ပျောက်ကြားတပ်ဖွဲ့”အမည်ရှိ စာမျက်နှာနှစ်ခုကိုနှိုင်းယှဉ်ရာတွင် အမှန်တကယ်တည်ရှိပြီး လှုပ်ရှားနေသည့် “မဲမှောင်ပျောက်ကြားတပ်ဖွဲ့”၏ ဖေ့စ်ဘုတ်စာမျက်နှာသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကတည်းက ဖွင့်လှစ်အသုံးပြုခဲ့ပြီး အမည်မှာ “မဲမှောင်ပျောက်ကြားတပ်ဖွဲ့” ဖြစ်သည်။ 
စာမျက်နှာအတုသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကမှ စတင်အသုံးပြုနေခြင်းဖြစ်ပြီး အမည်မှာ “မဲမှောင် ပျောက်ကြားတပ်ဖွဲ့” ဖြစ်ပြီး ကြားတွင် ကွက်လပ်တစ်ခုခြားထားသည်။ 

“မဲမှောင်ပျောက်ကြားတပ်ဖွဲ့၏”စာမျက်နှာအစစ်မှလည်း ဧပြီ ၃ ရက်နေ့တွင် ရဲဘော်ခုနစ်ဦးကျဆုံးသည် ဟုဆိုကာ ၎င်းတို့အဖွဲ့မည်ကို အလွဲသုံးစားလုပ်စားနေကြောင်းနှင့် ယခုချိန်ထိ အထိအခိုက်အကျအဆုံး မရှိကြောင်း ရှင်းလင်းထားသည်။ 
လင့် - t.ly/c53G
“မဲမှောင်ပျောက်ကြားတပ်ဖွဲ့”မှတာဝန်ရှိသူတစ်ဦးအား မဇ္ဈိမမှမေးမြန်းရာတွင် “ကျနော်တို့ အဖွဲ့နာမည်နဲ့ လုပ်စားနေတာပါ။ ကျနော်တို့အဖွဲ့ ယနေ့အချိန်အထိ အကျအဆုံးရဲဘော်မရှိဘူးဗျ။ နာမည်တွေကလည်း လုပ်ရေးထားတာ” ဟု ပြန်လည်ဖြေကြားသည်။ 

စာမျက်နှာအစစ်မှ ဖော်ပြထားသည့် ယခင် စစ်ဆင်ရေးလှုပ်ရှားမှု ဗီဒီယိုများကိုအသုံးပြုပြီး လက်ရှိတွင် စစ်ဆင်ရေးပြုလုပ်သယောင်ဖြင့် စာမျက်နှာအတုတွင် ဖော်ပြလျက်ရှိနေသည်။ 

စာမျက်နှာအစစ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကဖော်ပြထားသည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရေကားရွာမှဝင်လာသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်းထုတ် ပြန်သည့် ဗီဒီယိုကို စာမျက်နှာအတု၌ ယခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စစ်ဆင်ရေးပြုလုပ်ကြောင်း ဖော်ပြ ထားသည်။ 

တဖန် စာမျက်နှာအစစ်က ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ကို စာမျက်နှာအတုက ယခုနှစ် ဧပြီလ ၃ ရက်နေ့တွင် စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

 ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြထားသည့် တိုက်ပွဲသတင်းထုတ်ပြန်ချက် ဗီဒီယိုဖိုင်ကိုလည်း စာမျက်နှာအတုတွင် ယခုနှစ် ဧပြီ ၂ ရက်နေ့က တိုက်ခိုက်သည့်ဖိုင်အဖြစ် ဖော်ပြထားသည်။ 
တိုက်ပွဲထုတ်ပြန်ချက်အစစ်လင့်များ - https://bit.ly/3m6QtLE, https://bit.ly/3nQHDSD, https://bit.ly/3GefzPK
ထို့ကြောင့် “မဲမှောင် ပျောက်ကြားတပ်ဖွဲ့” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာသည် အမှန်တကယ်တည်ရှိ သည့်အဖွဲ့ပုံရိပ်ကိုအသုံးပြုကာ အလှူငွေကောက်ခံခြင်း၊ ယခင်ထုတ်ပြန်ချက်ဗီဒီယိုဖိုင်များအား ယခုဖြစ် စဉ်ကဲ့သို့ ကူးယူဖော်ပြခြင်းများပြုလုပ်နေသည့် စာမျက်နှာအတုသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly