မင်းမော်ကွန်းအား NUG က ခွပ်ဒေါင်းသူရဗလဘွဲ့ချီးမြင့်သည်ဆိုသော ထုတ်ပြန်ချက်အတု

By ZZ (မဇ္ဈိမ)
05 April 2023
မင်းမော်ကွန်းအား NUG က ခွပ်ဒေါင်းသူရဗလဘွဲ့ချီးမြင့်သည်ဆိုသော ထုတ်ပြန်ချက်အတု

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ခွပ်ဒေါင်းသူရဗလ ဘွဲ့ချီးမြင့်သည်ဟူသည့် ထုတ်ပြန်ချက် တစ်စောင်ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်း နေသည်။

မှိုင်းဝေတယ်လီဂရမ်ချန်နယ်မှ “ကလေးသရုပ်ဆောင် မင်းမော်ကွမ်းအား NUG မှ ခွပ်ဒေါင်းသူရဗလချီး မြှင့်” (မူလအရေးအသားအတိုင်း)ဟု ရေးသားပြီး ထုတ်ပြန်ချက်တစ်စောင်နှင့်အတူ ဧပြီလ ၄ ရက်နေ့က ဖြန့်ဝေခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက် နေ့စွဲဖြင့် NUG ကာကွယ်ရေးဝန်ကြီး ဌာနတံဆိပ်ကိုအသုံးပြုကာ ကျော်ကျော်ဌေးလွင်အား ခွပ်ဒေါင်းသူရဘွဲ့ချီးမြင့်ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်လိုက်ကြောင်းနှင့် လစာငွေကို ဧပြီလမှ စတင်ခံစားခွင့်ပြုလိုက်ကြောင်းပါဝင်သည်။  

ထိုအကြောင်းကို မှိုင်းဝေအပြင် ရွှေနေကြာချန်နယ်မှလည်းဖြန့်ဝေထားကာ ကြည့်ရှုသူ ၈,၀၀၀ ကျော်နေ ပြီး ဖေ့စ်ဘုတ်တွင်လည်း ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။ 
 
ထိုထုတ်ပြန်ချက်ကို မဇ္ဈိမ အချက်အလက် စစ်ဆေးသူများမှ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်များနှင့်တိုက်ဆိုင် စစ်ဆေးခဲ့သည်။ 
ထုတ်ပြန်ချက်အတုသည် NUG မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကထုတ်ပြန်‌သော သဝဏ်လွှာရေးသား ချက်နှင့်အနည်းငယ်ဆင်တူသည်။ သို့သော် NUG ၏ သဝဏ်လွှာတွင် ၎င်းတို့၏အမှတ်တံဆိပ်ကို အလယ် တွင် တိတိကျကျထားရှိပြီး ထုတ်ပြန်ချက်အတုတွင်မူ အလယ်မကျဘဲ မသေမသပ်ဖြစ်နေသည်။
ထို့ပြင် ထုတ်ပြန်ချက်အတု၌ စာလုံးများ ကြည်လင်ပြတ်သားမှုမရှိဘဲ အနည်းငယ်ဝေဝါးနေပြီး NUG ၏ ထုတ်ပြန်ချက်ကဲ့သို့ အောက်ဆုံးတွင် အနီရောင်မျဉ်းကြောင်းနှင့် ကြယ်တစ်လုံးပါဝင်သည့် အမှတ်တံဆိပ် လည်း မပါဝင်ပေ။ 
ထုတ်ပြန်ချက်အစစ်လင့်- https://bit.ly/43716Pa

၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် ထားသော်လည်း ထိုထုတ်ပြန်ချက်မှာ စစ်ရေးသတင်းထုတ်ပြန်ချက်သာ ဖြစ်သည်။  
လင့်- https://bit.ly/3Mh3r4a

တဖန် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အီးမေလ်းသို့ ထိုထုတ်ပြန်ချက်အစစ် ဟုတ်/မဟုတ်ကို ဆက် သွယ်မေးမြန်းရာတွင် ထိုထုတ်ပြန်ချက်မျိုး ထုတ်ပြန်ထားခြင်းမရှိကြောင်း မဇ္ဈိမသို့ ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် NUG မှ ကျော်ကျော်ဌေးလွင် (ခေါ်) သရုပ်ဆောင်မင်းမော်ကွန်းအား ခွပ်ဒေါင်းသူရဗလ ဆုချီး မြှင့်သည့်ထုတ်ပြန်ချက်မှာ အတုသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly