ဖမ်းဆီးခံ ဆရာ၊ဆရာမများအားလုံးကို ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေး

ဖမ်းဆီးခံ ဆရာ၊ဆရာမများအားလုံးကို ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေး

ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက ဆရာ/ဆရာမ ၂၃ ဦးကို ဖမ်းဆီးပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ဒေသခံသတင်း ရင်းမြစ်များက ဆိုကြသည်။

ဖားကန့် - အင်းတော်ကြီးလမ်းပိုင်းရှိ မကပင်းကျေးရွာနှင့် ခြောက်မိုင်အကွာ ဝှေလုံကျေးရွာအနီးမှာ ယခုလ ဧပြီ ၁ ရက်နေ့က ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းတပ်ဖွဲ့များက ဖားကန့်မြို့မှ မွန်းမံသင်တန်းတက်ပြီး ပြန်လာကြသော ဆရာ/ဆရာမများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“ ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းလို့ခေါ်ပြီး စစ်သင်တန်းတွေပေးတယ်ကြားလို့ အခုလိုခဏခေါ်ယူစစ်ဆေးလိုက်တဲ့သဘောပါ။ သူတို့ (ဖမ်းဆီးခံဆရာဆရာ မများ)ကို ဘာမှမလုပ်ဘဲ တောထဲကယောက်ဖ (ကေအိုင်အေကိုရည်ညွှန်း)တွေက အဲ့ညနေမှာပဲ သေသေချာချာလေး ပြန်လွှတ်ပေးလိုက်ပါပြီ" ဟု ကေအိုင်အေနဲ့နီးစပ်သည့် ရပ်ရွာသတင်းရင်းမြစ်တစ်ဦးက အခုလို ပြန် ပြောပြခဲ့ခြင်း ဖြစ်သည်။

ဖားကန့်နှင့် အင်းတော်ကြီးဒေသခံ ဆရာ/မများက ပြီးခဲ့သော မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖားကန့်တွင် မွန်းမံသင်တန်းတက်ရောက်ပြီးပြန်လာစဉ် ဆရာ နှစ်ဦး ၊ ဆရာမ ၂၁ ဦး စုစုပေါင်း ၂၃ ဦးက အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ကာ ထိုနေ့ညနေပိုင်းမှာ ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ စစ်သင်တန်းကို သွားရောက်တက်ခဲ့ကြသည်ဆိုသော သတင်းကြောင့် ယခုလို ဆရာ၊ ဆရာမများအား ခဏတာ ခေါ်ယူစစ်ဆေးရခြင်းသာဖြစ်တယ်လို့ ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုထားသည်။

ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းအဖွဲ့၏ ဖားကန့် - အင်းတော်ကြီးလမ်းပိုင်းမှာ အခုလိုမွမ်းမံသင် တန်းဆင်းပြီးပြန်လာနေသည့် ဆရာဆရာမအဖွဲ့ကို ဖမ်းဆီးစစ်ဆေးမှုမှ လွတ်မြောက်လာကြသည့် ဆရာ၊ဆရာမတစ်ချို့က ဖားကန့်မြို့နယ်ပညာရေးမှုးကို အကြောင်းကြားပြောဆိုခဲ့ရာမှ မြို့နယ်ပညာရေးမှူးကတစ်ဆင့် ဆပ်ပြာချောင်းဆရာတော်နှင့် မှော်ကလုံကျေးရွာ ဥက္ကဋ္ဌများကို အကူအညီတောင်းခံပြီး ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်ဖွဲ့များကို သွားရောက်ညှိနှိုင်းဆွေးနွေးခဲ့မှုကြောင့် ဧပြီလ ၁ ရက်နေ့ ညနေပိုင်းမှာပင် ဖမ်းဆီးခံ ဆရာဆရာမများအားလုံးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မြို့နယ်ပညာရေးမှူး

#ဆပ်ပြာချောင်းဆရာတော်

#ကေအိုင်အေ

#PDF

#ပူးပေါင်းတပ်ဖွဲ့များ

ပုံ = ဖားကန့် - အင်းတော်ကြီးလမ်းပိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly