ဖလမ်း - ဟာခါးလမ်း ၂ ရက်တိုက်ပွဲအတွင်း လူနေအိမ် ၇ လုံးမီးရှို့သည့် စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံး

By ပါခွီး (မဇ္ဈိမ)
04 April 2023
ဖလမ်း - ဟာခါးလမ်း ၂ ရက်တိုက်ပွဲအတွင်း လူနေအိမ် ၇ လုံးမီးရှို့သည့် စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံး

ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာပို့ရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ နှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးခဲ့ပြီး ၎င်းတို့မှ လူနေအိမ် ခုနစ်လုံးကို မီးရှို့ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၃ ရက် နံနက် ၁၁ နာရီအချိန်တွင် ဖလမ်းမြို့နယ် တလန်ဇာရွာ အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။

“မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က ခုနစ်ယောက်ကျတယ် ၊ အလောင်းတွေ ထမ်းသယ်နေတာကို အဝေးကနေ လှမ်းမြင်ရတယ် ၊ အဲဒါပြီးတော့ မီးရှို့ ကြတော့တာပဲ” ဟု တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် တလန်ဇာရွာကို ဝင်ရောက်ပြီး လူနေအိမ် ခုနစ်လုံးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

ယမန်နေ့တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို အနီးဝန်းကျင်ရှိ ပြည်သူ့နေအိမ်များတွင် ထည့်သွင်းမီးရှို့ခြင်းများ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့၏ ယမန်နှစ်အတွေ့အကြုံများပေါ်မူတည်ပြီး ၎င်းက သုံးသပ်ပြောဆိုသည်။

ယနေ့ ဧပြီလ ၄ရက် နံနက် ၈နာရီအချိန်တွင် တလန်ဇာနှင့် ရမ်ထလိုရွာအကြားတွင် ချင်းပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးရှစ်ကြိမ် ကြဲချခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း ဆလိုင်းထက်နီ က ဆက်လက်ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း၏ ရှေ့နောက် လုံခြုံရေးများကိုသာမက လမ်းဘေးရှိ တောင်ပေါ်သို့ နေရာယူရန် တက်လာသည့် စစ်ကောင်စီတပ်သားများကိုပါ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် သေဆုံးမှုများအပြင် ယာဉ်တန်းနှင့်အတူပါလာသော JCV (မြေကော်စက်) မောင်းသူနှင့် ၊ ကုန်တင်ကားမောင်းသူပါ ဒဏ်ရာရရှိထားကြောင်း၊ တင့်ကားနှစ်စီးအကြား မိုင်းကျထားပြီး ထိခိုက်ပျက်စီးမှု အ‌‌ခြေအနေကို မသိရသေးကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့သည် ရှေ့မတိုးနိုင်ဘဲ တလန်ဇာရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး‌နောက် လေကြောင်းမှ MI35 ဖြင့် လေးကြိမ် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သော်လည်း ရာသီဥတုမှာ မိုးရွာနေပြီး ၊တိမ်များဖုံးလွှမ်းနေသဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲများကို CNA တပ်ဖွဲ့နှင့်အတူ CDF – Hakha ၊ CDF – Thantlang တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၂၂ရက်နေ့က ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဦးတည်ထွက်ခွာလာသည့် တင့်ကားနှစ်စီး၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ချင်းပူးပေါင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် အထိနာလျက်ရှိနေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်

#ဖလမ်းမြို့

#ဟားခါးမြို့

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly