စစ်ကောင်စီပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

By ဂန္ဒမာ (မဇ္ဈိမ)
04 April 2023
စစ်ကောင်စီပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

လာမည့်ရက်သတ္တပတ်အတွင်းကျရောက်မည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် အပါအဝင် စစ်ကောင်စီမှ ကျင်းပရန်ပြင်ဆင်နေသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ(အကယ်ဒမီ)စသည့် ပျော်ပွဲရွှင်ပွဲ များတွင် ပြည်သူများပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစုများမှ တောင်းဆိုထားသည်။

“စစ်ကောင်စီက နိုင်ငံတဝှမ်း အကြမ်းဖက်မှုတွေနေ့စဉ်ပြုလုပ်နေတာ အားလုံးအသိဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတဲ့ ရဲဘော်တွေ ပြည်သူတွေလည်း တစ်နိုင်ငံလုံးမှာ ရှိနေပါ တယ်။ ဒီအခြေနေတွေကိုမေ့လျော့ပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်စေလိုတာကြောင့် စစ်ကောင်စီက သင်္ကြန်ရော အကယ်ဒမီပေးပွဲကိုရော စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ ကြိုးစားနေ ပါတယ်။ ဒီအခြေနေတွေအပြင် စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကြောင့်ရော၊ အုပ်ချုပ်ဖို့ ကြိုးပမ်းမှု ညံ့ဖျင်းတဲ့အတွက်ကြောင့်ရော တစ်နိုင်ငံလုံး စီးပွားရေးနဲ့ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုကာလမှာ ပြည်သူလူထု (အထူးသဖြင့် မြို့ပြနေလူထုအနေနဲ့) တိုးတိုးတိတ် တိတ်လေးပဲ ကိုယ့်မိသားစုနဲ့ ချစ်ခင်ရသူတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်နေကြဖို့၊ ပျော်ရွှင်နေတဲ့ပုံရိပ်တွေကို လူမှုကွန်ရက်တွေမှာ မမျှဝေဖို့၊ အကယ်ဒမီပေးပွဲနဲ့ ပတ်သတ်တာမှန်သမျှကို boycott လုပ်ပြီး အဲဒီပွဲ အကြောင်းကို နည်းနည်းတောင်မပြောဆိုကြဖို့ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်”ဟု တော်လှန်ရေး အင်အားစုများက မဇ္ဈိမကို ဖြေကြားသည်။

တောင်းဆိုရခြင်းအကြောင်းမှာ စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ၍ ယနေ့အချိန်ထိ စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များသည် နေ့ရောညပါ ပြည်သူလူထုကို မတရား ဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊ အဓမ္မပြု ကျင့်ခြင်း စသည့်စစ်ရာဇဝတ်မှုများကို အချိန်နှစ်နှစ်ကျော်ကြာလာသည်အထိ အဆက်မပြတ် ကျူးလွန် လျက်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် နိုင်ငံတဝှမ်းဖြစ်ပျက်နေသော ကပ်ဘေးများကြား တိုးတိုးလေးငိုနေသူများရှိသည့်အတွက် တိတ်တိတ်လေး ပျော်ပေးကြရန်၊ ပျော်ရွှင်နေသည့် ပုံရိပ်များကိုလည်း လူမှုကွန်ရက် စာမျက်နှာများတွင် ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် မတင်ကြရန်၊ မမျှဝေကြရန် တိုက်တွန်းနှိုးဆော်ကြခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများကို ပြည်သူ များမေ့လျော့သွားပြီး ၎င်းတို့၏အုပ်ချုပ်ရေးယန္တရား အသက်ဝင်လည်ပတ်နေနိုင်အောင် သင်္ကြန်ပွဲတော် နှင့် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေခြင်းဖြစ် ကြောင်း တော်လှန်ရေးအင်အားစုများက ပြောကြားသည်။

လူစုလူဝေးဖြစ်စေနိုင်သော အခမ်းအနားများကျင်းပမှုကို ကိုဗစ်ကာလမှစတင်ရပ်နားခဲ့ရာ အကယ်ဒမီ ပေးပွဲလည်းအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင်မူ စစ်ကောင်စီမှ ဖိအားပေးကာ အကယ်ဒမီပေးပွဲ ကျင်းပနိုင် အောင် စီစဉ်လျက်ရှိသည်။ ပြည်သူလူထုဘက်တွင် မရပ်တည်သည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ ကျင်းပဖို့ပြင်ဆင်နေခြင်းမျိုးလည်းရှိသလို မပါဝင်လိုသည့် အနုပညာရှင်များကိုလည်း ဖိအားပေးကာ ဖြစ်မြောက်အောင် ဆောင်ရွက်နေခြင်းများရှိသည်ကို ကြားသိထားရကြောင်းလည်း ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီကကျင်းပမည့် သင်္ကြန်ပွဲတွင် မပါဝင်ခြင်း၊ စစ်ကောင်စီနှင့်ဆက်စပ်နေသည့် ကုန်ပစ္စည်းများ၊ တည်းခိုစရာနေရာများကို သပိတ်မှောက်ခြင်း၊ စစ်ကောင်စီကကျင်းပမည့် အကယ်ဒမီ ပေးပွဲကို မကြည့်ရှုခြင်း၊ မမျှဝေခြင်းတို့ဖြင့် နိုင်ငံတဝှမ်း စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှု အောက် စစ်ဘေးဒဏ်ကို ခံစားနေရကာ စစ်ဘေးရှောင်ပြည်သူများ၊ ပြန်မဆုံနိုင်တော့သော မိသားစု ဝင်များ၊ မလျှော့သောဇွဲဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသူများကို ငဲ့ညှာသောအားဖြင့် ယခုနှစ်သင်္ကြန်ကို မိမိ၏မိသားစုအနီးနားတွင်သာနေရင်း တိုးတိုးလေးပျော်ပေးကြရန် တော်လှန်ရေးအင်အားစုများမှ တောင်းဆိုထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပျော်ပွဲရွှင်ပွဲ

#စစ်ကောင်စီ

#တော်လှန်ရေးအင်အားစုများ

#သပိတ်မှောက်

#သင်္ကြန်

#အကယ်ဒမီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly