မေးခွန်းပေါက်ကြားမှုဖြင့် တိုင်းပညာရေးမှူးအပါအဝင် ၅ ဦး အလုပ်ဖြုတ်ခံရ ဆက်စပ်သူများ ဖမ်းဆီးစစ်ဆေးခံနေရဟုဆို

By 007 (မဇ္စျိမ)
04 April 2023
မေးခွန်းပေါက်ကြားမှုဖြင့် တိုင်းပညာရေးမှူးအပါအဝင် ၅ ဦး အလုပ်ဖြုတ်ခံရ ဆက်စပ်သူများ ဖမ်းဆီးစစ်ဆေးခံနေရဟုဆို

မန္တလေးတိုင်း၊ တိုင်းပညာရေးမှူးအပါအဝင် ဝန်ထမ်းငါးဦးကို ရှစ်တန်း(အဋ္ဌမတန်း)စာမေးပွဲ မေးခွန်းပေါက်ကြားမှုဖြင့်၊ စစ်ကောင်စီက အလုပ်ကထုတ်ပယ်လိုက်ပြီး၊ ဖမ်းဆီးစစ်ဆေးနေကြောင်း ပညာရေးအသိုက်အဝန်းထံက သတင်းရရှိသည်။

“မေးခွန်းပေါက်ကြားမှုနဲ့ တိုင်းပညာရေးမှူးအပါအဝင် လူကြီးလေးယောက်၊ နောက်ပြီးတော့ စာရေးတစ်ယောက်၊ အားလုံးပေါင်းငါးယောက် အလုပ်ဖြုတ်ခံထားရတယ်၊ ရှစ်တန်းစာမေးပွဲဆိုတာက ခရိုင်စစ်ခေါ်တာပေါ့နော်၊ ကိုယ့် ခရိုင်နဲ့ကိုယ်မေးခွန်းထုတ်ရတာ၊ အဲဒါပေါက်ကြားမှုနဲ့ ဆွဲစိ (ဖမ်းဆီး)ခံရတာ” ဟု အမည်မဖော်ပြလိုသည့် ပညာရေးဝန်ထမ်း တစ်ဦးကပြောသည်။

မန္တလေးတိုင်းပညာရေးမှူး ဦးစန်းအောင်(ဒုညွှန်ချုပ်)နှင့်အတူ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကြီးတန်းစာရေး စုစုပေါင်းဝန်ထမ်း ငါးဦးတို့ကို အလုပ်ကထုတ်ပယ်ပြီး၊ တိုင်းပညာရေးမှူးအပါအဝင် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ပညာရေးလောကမှာ၊ အလုပ်ကဖြုတ်ပစ်တဲ့အထိဆိုတာ တော်တော်လေးကို မရှိခဲ့တဲ့ ဖြစ်စဉ်ပါ၊ အများဆုံးနယ်ပြောင်းခံရတာလောက်ပဲရှိခဲ့ဖူးတယ်၊ အခုက နိုင်ငံရေးကိစ္စတွေလည်းပါတယ်လို့ ကြားတယ်၊ စာမေးပွဲမေးခွန်းပေါက်လို့ လို့ဆိုရအောင် ဖြေသမျှ အအောင်ပေးနေတာဆိုတော့၊ မေးခွန်းပေါက်ကိစ္စ မဟုတ်လောက်ဘူးလို့ ဝန်ထမ်းတွေဘက်က ဝေဖန်တာတွေရှိတယ်” ဟု အငြိမ်းစားပညာရေးဝန်ထမ်း အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍၊ တိုင်းပညာရေးမှူးရုံးနှင့် နီးစပ်သည့်အသိုက် အဝန်းထံစုံစမ်းကြည့်ရာတွင်၊ ဖြစ်စဉ် မှန်ကန်ကြောင်းနှင့် ရုံးတွင်း စာသာထုတ်ပြန်ထားသေးကြောင်း ၎င်းတို့ကဆိုသည်။

နောက်ဆက်တွဲသိရသည့်သတင်းများအရ၊ မေးခွန်းပေါက်ကြားမှုတွင် ပါဝင်ပတ်သက်ကြသည်ဟု စွပ်စွဲချက်ဖြင့်၊ ပညာရေးဝန်ထမ်းများ ကျောင်းသားမိဘများ ကျောင်းသားကျောင်းသူများနှင့် ပုံနှိပ်လုပ်ငန်းတချို့ကိုပါ ဖမ်းဆီး စစ်ဆေးနေကြောင်းသိရသည်။

အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း ခရိုင်စစ်)စာမေးပွဲကို၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့ အထိ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzimatv

#အဋ္ဌမတန်း

#ခရိုင်စစ်

#စာမေးပွဲ

#မန္တလေးတိုင်း

#တိုင်းပညာရေးမှူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly