အင်ဒိုနီးရှားနိုင်ငံတွင် ထောင်ပေါင်းများစွာသော တက္ကစီသမားများ မြို့တော် ဂျကာတာ၌ ဆန္ဒပြနေ

အင်ဒိုနီးရှားနိုင်ငံတွင် ထောင်ပေါင်းများစွာသော တက္ကစီသမားများ မြို့တော် ဂျကာတာ၌ ဆန္ဒပြနေ

ဂျကာတာ၊ မတ် ၂၂ ။             ။ အင်ဒိုနီးရှားနိုင်ငံ မိုဘိုင်းအက်ပရီကေးရှင်းဖြင့် ကားဝန်ဆောင်မှုပေးနေသည့် Uber နှင့် Grab ကဲ့သို့သော အက်ပရီးကေးရှင်းများကြောင့် ရှာရဖွေရ အခက်တွေ့ကာ ကျပ်တည်းမှုဖြစ်နေသည့် ထောင်ပေါင်းများစွာ တက္ကစီယာဉ်မောင်းများက ဂျကာတာမြို့တော်အတွင်း ဆန္ဒပြလျက်ရှိသည်။

ဆန္ဒပြများမှ တစ်ချို့က ကားများကို တိုက်ခိုက်သည့်ပုံရှိပြီး ဆန္ဒပြမှုတွင် မပါဝင်သည့် အခြား သော ဒရိုက်ဘာများကိုလည်း ရန်မူခြင်းများ ရှိနေသည်။

တက္ကစီသမားများ၏ ဆန္ဒပြသမှုတွင် ဘတ်စ်ကားနှင့် တုတ်တုတ် မောင်း ကားသမားများ ပါဝင် ပူးပေါင်းခဲ့ကြသည်။

Grab နှင့် Uber ကဲ့သို့ မိုဘိုင်းကားဝန်ဆောင်မှု အက်ပရီကေးရှင်းများကြောင့် အာရှတစ်ခွင်နှင့် ကမ္ဘာ့အခြားသော နေရာများရှိ သယ်ယူပို့ဆောင်မှုလုပ်ငန်း၌ ဈေးကွက် ကစင့်ကလျား ပျက်စီးမှုများ ဖြစ်ရသည်။

ယင်းမိုဘိုင်းအက်ပရီကေးရှင်းသုံး ကားဝန်ဆောင်မှုလုပ်ငန်းများက ကိုယ်ပိုင်ကားများကို သုံးခြင်းကြောင့် အခွန်ပေးဆောင်ရခြင်း မရှိသလို ငှားစီးသူကို အခြား ဂိတ်ထိုးကားများနှင့် ယှဉ်ပြီး ဈေးလျှော့ အငှားလိုက်ခြင်းများကြောင့် တက္ကစီသမားများအတွက် အခက်အခဲများ တွေ့ရသည်။

ယခု ဂျကာတာမြို့တော်တွင်ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုမှာ ယခင်ဆန္ဒပြမှုများနှင့်မတူဘဲ ပို၍ ပြင်းထန်ကြောင်း၊ မြို့တွင်းသို့ တက္ကစီများပင် ဝင်ရောက်လို့ မရအောင် ဖြစ်နေကြောင်း ဘီဘီစီ သတင်းထောက်က ပြောသည်။

ဆန္ဒပြသူများက လွှတ်တော်၊ မြို့ပြအုပ်ချုပ်ရေးရုံးများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးများ၏ အပြင်ဖက် လမ်းများကို ပိတ်ဆို့ထား၍ ယာဉ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်နေသည်။ ကားတာ ယာများကိုလည်း မီးရှို့ကာ ဆန္ဒပြ ကန့်ကွက်မှုများလည်း ရှိသည်။

"ခုဆန္ဒပြနေကြတာ ကြောက်စရာတောင် ကောင်းပါတယ်။ ဆန္ဒပြနေသူတွေက တော်တော် လေး ရိုင်းစိုင်းကြမ်းတမ်းတာပဲ။"ဟု အလုပ်အတွက် လေယာဉ်ခရီးစဉ်ပျက်သွားသည့် မိုဘိုင်းကား ဝန်ဆောင်မှု အက်ပရီကေးရှင်းကို သဘောကျသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အစိုးရအနေနဲ့ Uber ကို အကာအကွယ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လည်းဆို တော့ အလွယ်တကူငှားရမ်းနိုင်ပြီး ဈေးလည်း ပေါတဲ့ ဝန်ဆောင်မှုဖြစ်လို့ပါ။"ဟု ၎င်းက ပြောသည်။

တက္ကစီသမား အများစုမှာ ဂျကာတာမြို့တော်သို့ တက်ရောက်ပြီး တက္ကစီသမားအဖြစ် ဝမ်းရေး ရှာဖွေရသူ နယ်မှတက်လာသူများက အများစုဖြစ်၍ နေရေးထိုင်ရေး ကာမိအောင် မရှာနိုင်ဖြစ်ကြရ သည်။

"ဒီဝန်ဆောင်မှုက ကျွန်တော်တို့ ဘဝကို ဖျက်ဆီးနေတာပါ။ ကျွန်တော်တို့တွေက အခွန်ပေးရ တယ်။ Uber ဝန်ဆောင်မှုအတွက်ကျတော့ ကိုယ်ပိုင်ကားတွေကို သုံးလို့ အခွန်လွတ်တယ်။ ဈေးလျှော့ အငှားလိုက်နိုင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေရတာ ပဲဖြစ်တယ်" ဟု တက္ကစီ အငှားယာဉ်မောင်းတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly