မတ်လအတွင်း ကလေးသူငယ် ၂၇ ဦးအပါအဝင် လူ ၂၀၀ ကျော် သတ်ဖြတ်ခံရဟု NUG ထုတ်ပြန်

By 001 (မဇ္စျိမ)
04 April 2023
မတ်လအတွင်း ကလေးသူငယ် ၂၇ ဦးအပါအဝင် လူ ၂၀၀ ကျော် သတ်ဖြတ်ခံရဟု NUG ထုတ်ပြန်

နိုင်ငံအဝန်း၌ ကလေးသူငယ် ၂၇ ဦးအပါအဝင် အရပ်သားပြည်သူ ၂၁၃ ဦး ပြီးခဲ့သည့် မတ်လ အတွင်းက သတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာန၊ တရား ဥပဒေ စိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသတ်ဖြတ်မှုများကို စစ်ကောင်စီတပ်က ကျူးလွန်ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် အသက် ၁၈ နှစ် အောက်အရွယ်ကလေးသူငယ်များတွင် အငယ်ဆုံး အသက်လေးနှစ်အရွယ်အထိပါဝင်ကြောင်း တရား ဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာ ဦးစီးဌာနရှိ စာရင်းကောက်ယူပြုစု နေသူတစ်ဦးက ပြောသည်။

“သတ်ဖြတ်ခံရတဲ့ကလေးတွေက စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင် ကျည် ကျရောက်ပေါက်ကွဲလို့ သေဆုံးတဲ့သူတွေရှိသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး တဲ့ကလေးသူငယ်တွေလည်း ရှိပါတယ်။ ပြီးတော့ စစ်ကောင်စီစခန်းအနီးပတ်ဝန်းကျင်မှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးရတဲ့ ကလေးငယ်တွေလည်းရှိပါတယ်”ဟု ဆိုသည်။

အဆိုပါ ကလေးသူငယ်များမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည် နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့မှဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၂ ဦးဖြင့် အများဆုံးသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် မတ်လအတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသူ အမျိုးသား ၁၅၁ ဦး၊ အမျိုးသမီး ၅၃ ဦး၊ ကလေးသူငယ်ကိုးဦး၊ သာသနာပြုသုံးဦး၊ မသန်စွမ်းတစ်ဦးနှင့် ကျား၊ မ မသိရှိရသေးသူ ၈၉ ဦးရှိကြောင်း လည်း တရားရေးဝန်ကြီးဌာနက ဆိုသည်။

ယခုနှစ် သုံးလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသော ကလေးသူငယ် ၅၀ ဦး၊ မတရားဖမ်းဆီး ခြင်းခံထားရသော ကလေးသူငယ် ကိုးဦးရှိကြောင်း NUG တရားရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။

“ကလေးသူငယ်တွေကို သတ်ဖြတ်တာက လုံးလုံးဥပဒေနဲ့မညီရုံမကဘဲ ဥပဒေကို ဆန့်ကျင်ချိုးဖောက်တာ ပါ။ ရာဇဝတ်မှုသဘောမျိုး ဖြစ်သွားပါတယ်။ စစ်ဆင်ရေးကာလမှာ အရပ်ဖက်နယ်မြေတွေ၊ ပစ်မှတ်တွေ အရပ်သားတွေနဲ့ပတ်သက်ပြီး အဲ့ဒီလိုမျိုးဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်ဆိုရင် အဲဒါရိုးရိုးရာဇဝတ်မှုမဟုတ် တော့ဘဲ စစ်ရာဇဝတ်မှုဖြစ်သွားတယ်။ အဲဒီတော့ အကုန်လုံးခြုံပြီးပြောရရင်တော့ ဒီကလေးသူငယ်တွေနဲ့ ပတ်သက်လို့ ပြုမူဆောင်ရွက်တာတွေသည် ဥပဒေနဲ့မညီဘူး။ ဥပဒေနဲ့အညီ မဆောင်ရွက်နိုင်ဘူး။ ဥပဒေ က တည်ဆဲဥပဒေအဖြစ်ရှိနေတယ်။ သို့သော် အဲဒီဥပဒေနဲ့အညီ လုပ်နေတာတော့ မတွေ့ဘူးလို့ပြောရ မှာပေါ့”ဟု ဥပဒေပညာရှင်တစ်ဦးက ပြောသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်မတ်လ ၁ ရက်နေ့အထိ နိုင်ငံအဝန်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ကလေးသူငယ်ဦးရေ ၃၁၃ ဦးသေဆုံးခဲ့ကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်ငါးသန်းအပါအဝင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများလိုအပ်နေကြောင်း UNICEF Myanmar ၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန် ချက်အရ သိရသည်။

စာတည်း။      ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly