စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာနေ လူငယ်တစ်ဦးကို PDF ဟုစွပ်စွဲ ဖမ်းဆီးကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း Indaw Revolution- IR အဖွဲ့ထံမှ သိရသည်။
အင်းတော်မြို့၊ နတ်မဟုတ်ကလေးရွာမှ ကိုအေးမင်းထွန်းကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဧပြီလ ၃ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
" သူ့ကို သူ့ရွာမှာဖမ်းတာမဟုတ်ဘူးဗျ။ နားရခေါင်ရွာမှာဖမ်းတာ။ သူက PDF တွေလာရင်ထမင်းကျွေးတယ်။ ရိက္ခာတွေပို့ပေးတယ်။ အဲ့ဒီစွဲချက်တွေနဲ့ဖမ်းတာပါ၊ သူက PDF တပ်ဖွဲ့ဝင် မဟုတ်ဘူးဗျ။ သူကလူငယ်ဆိုတော့ PDFကို ထောက်ခံတဲ့သူတစ်ယောက်သာ ဖြစ်တယ် " ဟု Indaw Revolutionအဖွဲ့တာဝန်ရှိသူက ဆိုသည်။
ကိုအေးမင်းထွန်းသည် အသက် ၂၄နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဖြစ်သည်ဟုဆိုကာ နားရခေါင်ရွာသို့ စစ်ကောင်စီတပ်များမှ ဝင်ရောက်စစ်ဆေးနေစဉ် မတ်လ ၅ရက် နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။
ထို့နောက် အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် ဖြင့်အမှုဖွင့်ကာ ဧပြီလ ၃ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ခြင်းဟု သိရသည်။
" စစ်အုပ်ချုပ်ရေးနယ်မြေဆိုတော့ စစ်ခုံရုံးကနေပဲချတာ။ မိသားစုနဲ့ တွေ့ခွင့်ရတယ်" ဟုလည်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသောမြို့ဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒေသခံအရပ်သားများကို အကြမ်းဖက် သမားအဖြစ် စွပ်စွဲဖမ်းဆီးမှုများ ရှိနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။
ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်လည်း အင်းတော်မြို့၊ ကမ်းနီကျေးရွာမှ မီးသွေးလုပ်ငန်းလုပ်ကိုင်နေသော ကိုမင်းမင်းဦး(ခ)ကိုလမင်းကို စစ်ကောင်စီတပ်က PDF ဟု စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)