တော်လှန်သွေးမအေးကြစေရန် ကြို့ပင်ကောက် ဗကသများအဖွဲ့က လက်ကမ်းစာစောင်ဖြန့်ဝေ

By ရွှေနွယ်( မဇ္ဈိမ )
04 April 2023
တော်လှန်သွေးမအေးကြစေရန် ကြို့ပင်ကောက် ဗကသများအဖွဲ့က လက်ကမ်းစာစောင်ဖြန့်ဝေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် မြို့နေပြည်သူများ တော်လှန်သွေးမအေးကြစေရန် ရည်ရွယ်ပြီး ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဧပြီလ ၃ ရက်နေ့တွင် အိုးဝေစာစောင် အတွဲ(၂) အမှတ်(၁၂) ကို ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

“တော်လှန်အသိက လူတိုင်းနီးပါးမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် အခြေအနေအရ စားဝတ်နေရေး ကြောင့်ရယ် ရန်သူဘက်က ဖိထားတာကြောင့်ရယ်သာ မလုပ်ရဲကြတာပါ။ ဒါကြောင့် ပြည်သူတွေ တော်လှန်သွေးမအေးစေဖို့ ရည်ရွယ်ပြီး ဗကသများအဖွဲ့ချုပ်က ထုတ်တဲ့စာစောင်လေးတွေ မျှဝေပေး တာပါ၊ ရွာတွေဘက်မှာ အဓိကဖြန့်ဝေခဲ့ပါတယ်" ဟု ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ−ဗကသများ အဖွဲ့ချုပ်က မဇ္ဈိမကို ပြောသည်။

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ်များမှ လုံခြုံရေးတင်းကြပ်ပြီး ပြည်သူများအပေါ် ဖိနှိပ်ထား သဖြင့် စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန် အခက်အခဲ ရှိနေကြကြောင်း သိရသည်။
“ဒီမှာက Facebook တင်ရင်တောင် ဖမ်းတယ်၊ ရှေ့မှာလဲ မနည်းမနောပဲဗျ၊ ဖမ်းပြီးပြန်လွှတ်လိုက်တာ တွေ၊ ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးတယ်” ဟု ကြို့ပင်ကောက် ဗကသများအဖွဲ့က ပြောသည်။

ကြို့ပင်ကောက်မြို့နေ ပြည်သူများအနေဖြင့် သွေးမအေးကြဘဲ နိုင်ရာဝန်ထမ်းကာ နိုင်သည့်ဘက်မှ ကူညီ ပေးကြရန်နှင့် လူတစ်ဦး၊ တစ်ဖွဲ့တည်းတွန်းခြင်းထက် ပြိုင်တူတွန်းခြင်းက ရှေ့သို့ပိုရောက်နိုင်ကြောင်း လည်း ကြို့ပင်ကောက် ဗကသအဖွဲ့က ပြောသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly