ဖယ်ခုံတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ

By ဂျူချန်း (မဇ္ဈိမ)
03 April 2023
ဖယ်ခုံတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မိုးဗြဲကျေးရွာအုပ်စု အရှေ့ဘက်ကမ်းကျေးရွာများသို့ စစ် ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးကာ ငါးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း KNDF-B3 ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၂ ရက် နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ခမရ(၄၂၂)မှ မိုးဗြဲအရှေ့ဘက်ကမ်းရှိ ကျေးရွာ များသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးကျည် ၅၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ်ခန့် ပြည်သူတစ်ဦး ပွဲချင်း ပြီးသေဆုံးခဲ့ကာ  ငါးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ်များလည်း လက်နက်ကြီးကျည် ထိမှန် သဖြင့်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ဖယ်ခုံအရှေ့ဘက်ကမ်းသို့ ယင်းနေ့ ည ၁၀ နာရီဝန်းကျင်တွင် ခမရ(၄၂၂)မှ လက်နက် ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်းသို့ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ကျရောက် ခဲ့ပြီး ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ သိရသည်။

အာဏာသိမ်းပြီးနောက်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည် နယ်တွင် တိုက်ပွဲပေါင်း ၆၅၀ ကြိမ်ဖြစ်ပွားခဲ့ရာ ဘာသာရေးအဆောက်အဦး ၃၃ လုံး၊ နေအိမ် ၁၄၇၃ လုံး ပျက်စီးခဲ့ပြီး ဒေသခံ ၃၁၃ ဦးသတ်ဖြတ်ခံရကာ စစ်ဘေးဒုက္ခသည် ၁၃၄ ဦး သေဆုံးခဲ့ရကြောင်း တိုးတက် သောကရင်နီပြည်သူ့အင်အားစု(PKPF) က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required