နတ်တလင်းမြို့နယ်ရှိ ကြက်မနက်ကျေးရွာတိုက်ပွဲတွင်  PDF တပ်ဖွဲ့ဝင် ညီအစ်ကို ကျဆုံး

By ရွှေနွယ်( မဇ္ဈိမ )
03 April 2023
နတ်တလင်းမြို့နယ်ရှိ ကြက်မနက်ကျေးရွာတိုက်ပွဲတွင်  PDF တပ်ဖွဲ့ဝင် ညီအစ်ကို ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်မှ PDF ညီအစ်ကိုနှစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

ကြက်မနက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များမှ ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် သွားရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး MA-3 သေနတ်တစ် လက်၊ ကျည် ၂၀ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ပဲခူးတိုင်းစစ်ရေးသတင်း ပြန်ကြားရေးစာမျက်နှာ Bago Region PDF မှ ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ဘက်ကတော့ Phoenix-DF သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁) တပ်ခွဲ(၂) က ရဲဘော်နှစ်ဦး ကျပါတယ်၊ ညီအစ်ကိုအရင်းပါ။ မနေ့က သူတို့နာရေးလုပ်တယ်။ မိဘတွေကတော့ တက်သူကတက်၊ မေ့သူကမေ့ပေါ့” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကြက်မနက်စခန်းတွင် စစ်ကောင်စီတပ်အင်အား ၁၉ ဦး ခန့်ရှိပြီး မတ်လအတွင်းက ရွာသားများကို သစ်၊ ဝါးများရှာခိုင်းကာ ကတုတ်ကျင်းများ၊ ဘန်ကာများဆောက်လုပ်၍ အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်။ 

အဆိုပါစစ်ကောင်စီတပ်သည် လွန်ခဲ့သည့်နှစ်လခန့်ကတည်းက တောင်ညိုဆည်မှတဆင့်တက်သွားသော စစ်ကြောင်းဖြစ်သည်ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

ကြက်မနက်ရွာသည် တောင်ညိုဆည်အထက်ပိုင်းတွင် တည်ရှိပြီး ဧပြီလ ၁ ရက်နေ့တွင် သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)မှ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)မှ တပ်ခွဲ (၅)၊ တပ်စု(၂)နှင့် ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)ပူးပေါင်းတပ်ဖွဲ့များက ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလ ၁ ရက် ည ၁၂ ခန့်တွင် စစ်ကောင်စီအင်အား ၁၂ ဦးခန့်သည် ကြက်မနက် ရွာစခန်းသို့ ပူးပေါင်းလာကြောင်းသိရသည်။

ထို့ပြင် ပေါင်းတည်မြို့ဘက်မှ အင်အား ၃၅ ဦးခန့်ပါထပ်တိုးလာကာ နတ်တလင်းမြို့တွင် အင်အားထပ် ဖြည့်ထားသည်ဟု နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရသိရသည်။

စာတည်း။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly