တရုတ်က မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီနေ

  တရုတ်က မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီနေ

တရုတ်သည် ပြိုင်ဆိုင်မှုပြင်းထန်သော တောင်တရုတ်ပင်လယ်ကို ရှောင်ကွင်းကာ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ဝင်ရောက်ခွင့်ပေးနိုင်သည့်  အားအင်ချည့်နဲ့နေသော အိမ်နီးချင်းမြန်မာနိုင်ငံကို လက်မလွှတ်နိုင်ဘဲဖြစ်နေကြောင်း ဆောင်းပါးရှင် ဘာတေးလင်တနာက Global Asia မဂ္ဂဇင်းတွင် ရေးသားထားသည်။ 

တရုတ်နိုင်ငံသည် သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ဓာတ်သတ္တုများ တင်သွင်းမှုအတွက် ပြိုင်ဆိုင်မှုပြင်းထန်ကာ အားနည်းချက်များရှိနိုင်သည့် မလက္ကာရေလက်ကြား လမ်းလွှဲအဖြစ် မြန်မာနိုင်ငံကို အသုံးချနိုင်သောကြောင့် တရုတ်၏ နိုင်ငံခြားရေးမူဝါဒတွင် မြန်မာနိုင်ငံအား အရေးပါသော ချိတ်ဆက်မှုအဖြစ် ရှုမြင်လာကြောင်း တောင်ကိုရီးယားအခြေစိုက် အရှေ့အာရှဖောင်ဒေးရှင်းကထုတ်ဝေသည့် Global Asia မဂ္ဂဇင်းတွင် ဆောင်းပါးရှင်က ရေးသားထားသည်။ 

ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဟန့်တားသော စစ်အစိုးရအပေါ် အနောက်အုပ်စုက ပိတ်ဆို့အရေးယူမှုများ ဆက်ချမှတ်နေချိန်တွင် တရုတ်နိုင်ငံသည် နိုင်ငံတွင်း ပထဝီဝင်နိုင်ငံရေးတွင် အဓိကကျသူတစ်ဦးအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
တရုတ်ဝန်ကြီးဟောင်း ပန်ချီက မြန်မာနိုင်ငံအား အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ် အရေးပါပုံကို ၁၉၈၅ ခုနှစ် စက်တင်ဘာ ၂ ရက်ထုတ် Beijing Review စာစောင်တွင် ဆောင်းပါးရေးသားခဲ့သည်။

ယခုအခါ တရုတ်သည် မြန်မာနိုင်ငံသို့ ပို့ကုန်များ တင်ပို့ရန်နှင့် ထိုထက်အရေးကြီးသော ကိစ္စရပ်များအတွက် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အသုံးပြုလျက်ရှိသည်။ အဆိုပါစင်္ကြံသည်  မြန်မာကမ်းရိုးတန်းမှ တရုတ် ယူနန်ပြည်နယ်သို့ သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းအတိုင်း သွယ်တန်းထားပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ ကျောက်ဖြူမြို့နှင့် ယူနန်အကြား အမြန်ရထားလမ်း ဖောက်လုပ်ရန်လည်း စီစဉ်နေပြီး နိုင်ငံခြားကုန်သွယ်မှုအတွက် ဟက်တာ ၁၆၀၀ ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်လည်း ရှိသည်။
လက်နက်များ၊ စစ်ရေးလေ့ကျင့်မှုနှင့် တခြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် မိမိအား အားကိုးနေသော သစ္စာခံမြန်မာနိုင်ငံအတွက် တရုတ်သည် အလုံးစုံကူညီပေးသော ကာကွယ်ရေးဆိုင်ရာအရိပ်အာဝါသတစ်ခုအဖြစ် ပံ့ပိုးပေးမည့်ပုံပေါ်သည်။
ရက်စက်စွာ ဖြိုခွင်းခံခဲ့ရသော ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ဆယ်စုနှစ်အတွင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် အထီးကျန်လာခဲ့ပြီး စစ်အုပ်စုသည် ကာကွယ်ရေးလက်နက်များအတွက် တရုတ်ကို အားကိုးခဲ့သည်။

တရုတ်နိုင်ငံသည်  ဘင်္ဂလားပင်လယ်အော်နှင့်အက်ဒမန်ပင်လယ်ပြင်ရှိ ကျွန်းစုများနှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြန်မာ့ရေတပ်စခန်းများကို အဆင့်မြှင့်တင်ရန် ကူညီပေးခဲ့သည်။ တရုတ်နိုင်ငံမှ ပံ့ပိုးပေးသော ရေဒါစနစ်များကိုလည်း အဆိုပါ အခြေစိုက်စခန်းအချို့တွင် တပ်ဆင်ထားသည်။ တရုတ်နိုင်ငံ၏ လုံခြုံရေးဌာနများသည် အဆိုပါထောက်လှမ်းရေးစနစ်များမှ အကျိုးအမြတ်ရရှိသည်ဟု ယူဆရသည်။

ယူကရိန်းအရေးအပေါ် အာရုံရောက်နေသော အမေရိကန်သည် မြန်မာနိုင်ငံအား သိပ်အလေးမထားနိုင်တော့ပေ။ စစ်အာဏာသိမ်းမှု ၂ နှစ်မြောက် ဇန်နဝါရီ ၃၁ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်လည်း အမေရိကန်သည် မြန်မာ့အရေးကို အာဆီယံနိုင်ငံများ၏ တာဝန်အဖြစ် လွှဲချလိုက်ဟန်ရှိသည်။ 

“မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ အဓိကျတဲ့အခန်းကဏ္ဍကို ကြိုဆိုထောက်ခံပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံပါတယ်။  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်တို့ကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တခြားနေရာများရှိ ကမ္ဘာ့လုံခြုံရေးပြဿနာများဆီ အမေရိကန်အာရုံရောက်သွားခြင်းက မြန်မာနိုင်ငံအတွင်းသို့ တရုတ်က ထပ်မံထိုးဖောက်ဝင်ရောက်နိုင်စေရန် လမ်းဖွင့်ပေးရာရောက်သွားစေသည်။

စစ်ကောင်စီသည် တရုတ်၏လက်နက်ထောက်ပံ့မှုအပေါ် တစ်ဖန်မှီခိုရမည်ကို တွန့်ဆုတ် ကောင်းတွန့်ဆုတ်နိုင်သော်လည်း စစ်အာဏာသိမ်းပြီးကတည်းက တရုတ်သည် မျက်နှာမှတ်သားခြင်းနှင့် ကားနံပါတ်ဖတ်ခြင်းနည်းပညာများထည့်သွင်းထားသည့် ကင်မရာများအပါအဝင် စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် တခြားနေရာများမှရရှိရန်ခက်ခဲသော ခေတ်မီသည့်အီလက်ထရွန်းနစ် စောင့်ကြည့်ရေးစနစ်များကို မြန်မာနိုင်ငံအား ပံ့ပိုးပေးခဲ့သည်ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

အဆိုပါစောင့်ကြည့်ရေးစနစ်ပစ္စည်းများ ရောင်းချရမှုသည် ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာ များပြားလာကြောင်း ၎င်းနယ်ပယ်မှသတင်းရင်းမြစ်များကို ကိုးကား၍ Global Asia ကဖော်ပြခဲ့သည်။ တရုတ်ပစ္စည်းပေးသွင်းသူများသည် တချို့သောကိစ္စရပ်များ၌ ထုတ်လုပ်သူနှင့်ရင်းမြစ်ကို ဖုံးကွယ်ရန် ပစ္စည်းပေါ်ရှိ မြင်သာသောအမှတ်တံဆိပ်များကို ဖယ်ရှားထားသောကြောင့် မြန်မာစစ်အုပ်စုနှင့်ပတ်သက်သော လုပ်ငန်းများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂရှိ ၎င်းတရုတ်ကုမ္ပဏီများနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများအတွက် အရှုပ်အထွေးများဖြစ်ပေါ်စေနိုင်သည်။ 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အနီးကပ် ဆက်ဆံရေးရှိသည့် တစ်ခုတည်းသော ပြည်ပနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်နယ်ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့မှ ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသများတွင် ဖေဖော်ဝါရီလနှောင်းပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly