ထိုင်းတောမီးကို အင်အားရာပေါင်းများစွာ သုံးပြီး ငြှိမ်းသတ်နေ 

ထိုင်းတောမီးကို အင်အားရာပေါင်းများစွာ သုံးပြီး ငြှိမ်းသတ်နေ 

ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ပင် မဝေးသော နေရာတွင် တောမီးလောင်ကျွမ်းနေသည်ကို ထိုင်းမီးသတ်သမားများနှင့် စစ်သား ရာပေါင်းများစွာက သောကြာနေ့တွင် အပြင်းအထန် ငြှိမ်းသတ်နေရသည်။  

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း လူ နှစ်သန်းနီးပါး နာမကျန်းဖြစ်စေသော လေထုညစ်ညမ်းမှုဒဏ် ကြုံနေရစဉ် တောမီးလောင်ကျွမ်းခြင်းလည်း ဖြစ်သည်။ 

ထိုင်းမြို့တော်၏ အရှေ့မြောက်ဘက် နက်ခွန် နာယော့ပြည်နယ်က တောင်ကုန်းသုံးခုအနှံ့ တောဧရိယာ စတုရန်းမီတာ ၈၀၀,၀၀၀ တွင် လောင်ကျွမ်းနေသော တောမီးကြောင့် ခရိုင်နှစ်ခုတွင် အရေးပေါ်ဇုန်များ သတ်မှတ်ကြေညာထားရသည်။ 

တောင်ယာမီးရှို့ခြင်းများအားဖြင့် တစ်စိတ်တစ်ဒေသ ဖြစ်ပေါ်သော လေထုညစ်ညမ်းမှုသည် ထိုင်းမြောက်ပိုင်းဒေသများကို ယခု သီတင်းပတ်အတွင်း ကမ္ဘာ၌ အညစ်ညမ်းဆုံးနှင့် အန္တရာယ်အများဆုံး လေထုညစ်ညမ်းသည့် ဒေသများအဖြစ်သို့ ရောက်ရှိနေစဉ်၌ ယခု တောမီးလောင်ကျွမ်းခြင်းပဲ ဖြစ်သည်။ 

ယခုနှစ် အစမှ စတင်ကာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် လူပေါင်း ၁ ဒသမ ၇ သန်းကျော် ဆေးရုံတက်ကုသခံရန် လိုအပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ 

မြေပြင်အနေအထားကြောင့် တောမီးကို ထိန်းချုပ်နိုင်ရေးတွင် ဖိစီးမှု ရှိနေကြောင်း သစ်တောဌာနမှ ဝတ်တာရာ မန့်ပန်က ပြောသည်။ 

“ဒီ တောင်ကုန်းတွေမှာက ကျောက်စွန်းကျောက်သားတွေနဲ့ ချောက်ကမ်းပါးတွေ ရှိနေတာကြောင့် အတော်လေး အခက်တွေ့တာပဲ”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

“တောင်ခြေကနေပြီး မီးပျံ့နှံ့တာကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေက ကြိုးစားနေကြတယ်၊ တောင်ပေါ်ကိုတော့ မတက်ရောက်နိုင်ကြဘူး”ဟု ၎င်းက ဆိုသည်။ 

တောမီးသည် မည်သည့် လူနေဧရိယာကိုမျှ ခြိမ်းခြောက်ခြင်း မရှိသော်လည်း ဘုရင့်တိုင်းပြည်၏ သက်တမ်းအရှည်ဆုံးနှင့် ယူနက်စကို စာရင်းဝင်ဖြစ်သော ကမ္ဘောဒီးယား နယ်စပ်က ခိုယိုင်အမျိုးသားဥယျာဉ်နှင့် နီးကပ်စွာ ရှိနေသည်။ 

ခြောက်သွေ့ရာသီ အကုန် အလွန်ခြောက်သွေ့နေချိန်၌ လျှပ်စီးလက်ခြင်းဖြင့် တောမီးစတင် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဌာနေလူမျိုးစုခေါင်းဆောင် ပတ်စီခန်က ပြောသည်။ 

လေထုထဲ ဓာတုဓာတ်များ ပက်ဖျန်းကာ မိုးရွာအောင် အာဏာပိုင်များက ဆောင်ရွက်နေသော်လည်း အောင်မြင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ 

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မြေပြင်တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးကို စေလွှတ်ထားကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required