ဗကသကျောင်းသူ  မဆုသွန်းပိုင်ကို မရမ်းကုန်းတရားရုံးက ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ် 

By မိုးသောက် (မဇ္ဈိမ)
31 March 2023
ဗကသကျောင်းသူ  မဆုသွန်းပိုင်ကို မရမ်းကုန်းတရားရုံးက ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ် 

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) မရမ်းကုန်း ကျောင်းသားများသမဂ္ဂ  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၏ အဖွဲ့ဝင်ဖြစ်သူ မဆုသွန်းပိုင်ကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့တွင် မရမ်းကုန်းမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်ထားသည်။ 

စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းထားသည့် ပုဒ်မ၅၀၅(က)သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး မဆုသွန်းပိုင်ကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့အမိန့်ချမှတ်မှုအပေါ်တွင် ဗကသများအဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက “ဒီအပေါ်မှာ သိပ်ပြောဖို့ မရှိဘူး။ စစ်အာဏာရှင်စနစ်ကို ပေါ်ပေါ်ထင်ထင် ကျင့်သုံးနေတဲ့ လက်ရှိစစ်အစိုးရကို ဖက်ဆစ်အစိုးရလို့ ကျနော်တို့ တစ်လျှောက်လုံး ပြောခဲ့တာပဲ။ ဖက်ဆစ်က ဖက်ဆစ်အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဒီတော့ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကို ဆက်လုပ်မှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရား ဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ချင်တယ်”  ဟုပြောသည်။ 

အသက် ၁၈ နှစ်အရွယ် မဆုသွန်းပိုင်သည် အခြေခံပညာအထက်တန်း ကျောင်းသူတစ်ဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)ကျောင်းသားတစ်ဦးဖြစ်သည့် ကိုကောင်းဆက်ပိုင်ကိုလည်း ပုဒ်မ၅၀၅(က)၊ ၅၀(ည)တို့ဖြင့် မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက  ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သေးသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly